........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jul 15, 2013

မြတ်သောမိန်းမ ...



အကြင်မိန်းမသည် ...
...
၁။ စားသောအခါ ...
၂။ အ၀တ်တန်ဆာပြုပြင်ဆင်ယင်သောအခါ ...
ဤ အခါတို့၌ အမိကဲ့သို့ နှစ်သက်ဖွယ်ပြုပြင်ပေးတတ်၏ ။

၃။ လျို့ဝှက်အပ်ကုန်သော မကျစ်မလစ်သောအရာတို့၌
နှမကဲ့သို့ လွန်စွာရှက်တတ်၏ ။

၎။ အမှုကိစ္စဆောင်ရွက်သောအခါ ...
၅။ လင်၏အနီးအပါးသွားလာသောအခါ ...
ဤ အခါတို့၌ ကျွန်မကဲ့သို့ ရိုသေစွာပြုတတ်၏ ။

၆။ ဘေးရန်အန္တရာယ်တွေ့ကြုံလာသောအခါ၌ တိုင်ပင်ဖေါ်တိုင်ပင်ဖက်ရ၏ ။

၇။ အိပ်သောအခါတို့၌ မွေ့လျော်စေတတ်၏ ။

၈။ အရောင်အဆင်းပြုပြင်ခြင်းတို့၌ တင့်တင်စွာပြုပြင်တတ်၏ ။

၉။ လင်ယောက်ျားက အမျက်ထွက်သောအခါ သည်းခံတတ်၏ ။

- ဤလက္ခဏာဂုဏ်ရည် အလီလီနှင့်ပြည့်စုံသော အမျိုးကောင်းသမီးကို
မိန်းမမြတ် ဟူ၍ ပညာရှိတို့ ဆိုမိန့်တော်မူကြကုန်၏ ။

ထို မိန်းမကောင်း မိန်းမမြတ်သည် ဒီဘ၀ ဒီခန္ဓာကို စွန့်ခွါရသည်ရှိသော်
နောက်ဘ၀၌ နတ်ပြည်နတ်ရွာ ကောင်းမြတ်သောသုဂတိဘ၀ဇာတ်သို့
မုချဧကန် ရောက်ရမည်မှာ အမှန်ဖြစ်၏ ။ . . . ။


ဘုတ္တေသု မန္တေသု ဇနီ ၀ ကန္တိနီ ၊ ဂုယှေသု ဌာနေသု ဘဂိနီ ၀ ဟိရီနီ ။
ကမ္မေသု ပတ္တေသု ကရီ ၀ ဒါသိနီ ၊ ဘယေသု မန္တီ သယနေသု ရမတီ ။
ရူပီသု သိက္ခီ ကုဗ္ဗနေသု ခမနီ ၊ သာ နာရီ သေဋ္ဌီတိ ၀ဒန္တိ ပဏ္ဍိတာ ။
ကာယဿ ဘေဒါ စ ဒိဝေ ဘဝေယျ သာ ။ ။
( လောကနီတိ - ဣတ္ထိကဏ္ဍ ဂါထာ - ၁၃ )

ရွှေနီဆရာတော် မှကူးယူဖော်ပြအပ်ပါသည်။

ဓမ္မန္တရာယ် အစစ်အမှန်မှာ ဒုစရိုက်သမား

အဓမ္မအပေါ် ဓမ္မက လွှမ်းမိုးနိုင်ရန် သဘာဝ၏ အာနုဘော်အရ ပွင့်ထွန်းလာသည်။
(ဦးရွှေအောင် - “ဗုဒ္ဓ - လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်” စာအုပ်)

အဓမ္မသည် ဒုစရိုက်တရား ဖြစ်သည်။ လောက၏ ကောင်းကျိုးများကို ပိတ်ဆို့ ဟန့်တား ဖျက်ဆီးပြီး မကောင်းကျိုးများကိုသာ ဖြစ်ထွန်းပွားများစေသည့် ကျင့်ကြံအားထုတ်မှု ဖြစ်သည်။ အတ္တလွန်ကဲမှုကြောင့် ဖြစ်ရသည်။

အဓမ္မ၏ ဆန့်ကျင်ဘက်မှာ ဓမ္မ ဖြစ်သည်။ ဓမ္မသည် သုစရိုက်တရား ဖြစ်သည်။ လောက၏ ကောင်းကျိုး များကိုသာ ကျင့်ကြံအားထုတ်စေသည်။ လောကကောင်းကျိုးအတွက် မကောင်းသည်များကို တားမြစ်သည်။
လူ့လောကတွင် အဓမ္မသည် မည်မျှပင် အားကောင်းစေကာမူ သဘာဝ၏ အာနုဘော်အရ ဓမ္မကတုန့်ပြန်သည်။ လွှမ်းမိုးအောင် အားထုတ်သည်။ မည်သည့်အခါမှ အရှုံးမပေး။ လူ၌ ထိုသို့အားထုတ်တတ်စေသော သဘာဝက အလိုလိုရှိနေပြီး ဖြစ်သည်။ ကာလ-ဒေသ-ပယောဂ သုံးပါး ပြည့်စုံလျှင် ပြန်လည်တိုက်ခိုက် အနိုင်ယူသည်။

လူတို့သည် မိမိတို့ လေ့လာတတ်မြောက်ပြီးသော အရည်အချင်းများအရ လှုံ့ဆော်မှုကို ဖန်တီးပေးနိုင်သော ပတ်ဝန်းကျင်ကို တည်ဆောက်တတ်သည့် သဘာဝ ရှိသည်။ ထိုပတ်ဝန်းကျင်က တဖန် လူတို့အား လူမှန်းသိစမှပင် သုစရိုက်တရားကို ကျင့်ကြံအားထုတ်တတ်အောင် အစဉ်တစိုက် လှုံ့ဆော်ပေးသည်။ ထိုပတ်ဝန်းကျင်မျိုးကို မည်သည့်အခါမှ ပိတ်ဆို့ဟန့်တား ဖျက်ဆီး၍မရ။ လမ်းကြောင်းလွဲ၍ မရ။

လူ၏အသိဥာဏ်များက ပိုမိုတိုးတက်လာသည်နှင့်အမျှ လူ့ယဉ်ကျေးမှုများလည်း ပိုမို ထွန်းကားလေရာ ပတ်ဝန်းကျင် လှုံ့ဆော်မှုများလည်း ပိုမိုအားကောင်းလာရသည်။ သို့ဖြစ်၍ ထိုပတ်ဝန်းကျင်ရှိ လူတိုင်းပင် သုစရိုက်တရားကို ကျင့်ကြံအားထုတ်မိကြသည်။ အားထုတ်မှုကောင်းလာသည်နှင့်အမျှ ဒုစရိုက်တရားကို လက်မခံနိုင်ပဲ ရှိနေတော့သည်။ ဤသည်မှာ လူ့သဘာဝ၏ တန်ခိုး စွမ်းပကား ဖြစ်သည်။

သို့သော် လူ၏ပင်ကိုယ်သဘောအရ အတ္တကြီးမားသည်။ ယင်းသည် ဒုစရိုက်တရားများ ဖြစ်ပေါ်စေရန် အခြေခံအကြောင်းရင်း ဖြစ်သည်။

အတ္တကြီးမားသူတို့သည် ငယ်စဉ်ကာလက သုစရိုက်တရားကို လှုံ့ဆော်ပေးနိုင်သော ပတ်ဝန်းကျင်တွင် အနေနည်းခဲ့သောကြောင့် ဖြစ်နိုင်သည်။ ငယ်စဉ်ပတ်ဝန်းကျင် ကောင်းခဲ့လင့်ကစား ကြီးပြင်းလာသော အခါ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဘဝတွင် ကျင်လည်နေရသောကြောင့်လည်း ဖြစ်နိုင်သည်။

သို့တည်းမဟုတ် သုစရိုက်တရားကို တန်ဖိုးထားရကောင်းမှန်း၊ ကျင့်ကြံအားထုတ် (တာဝန်ယူ)ရမှန်း မသိသေးသောကြောင့်လည်း ဖြစ်နိုင်သည်။

သို့တည်းမဟုတ် အသိဥာဏ် ဖွံ့ဖြိုးတိုးတက်မှု တိမ်းချော်နေသဖြင့် ပြောင်းလဲတိုးတက်နေသော ခေတ်ကာလ ယဉ်ကျေးမှုနှင့်အညီ တန်းတူမလိုက်နိုင်သောကြောင့်လည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ အတ္တကြီးမားသူသည် မိမိကိုယ်ကို “သောက” ဖြစ်စေသူသာ ဖြစ်သည်။ သူ၏ လိုချင် တပ်မက်မှု၊ မနာလိုမှု၊ သဝန်တိုမှု၊ သဒ္ဓါတရား ခေါင်းပါးမှုများက သူ့ကိုယ်သူသာ “သောက” ဖြစ်စေသည်။ ပရိဒေဝမီး တောက်လောင်နေစေသည်။ ချမ်းသာခြင်း အစစ်အမှန်ကို မဖြစ်စေနိုင်ပဲ ရှိနေသည်။

အတ္တကြီးမားနေသရွေ့ လောဘဇော မသတ်နိုင်။ ရပြီးရင်း ရချင်နေသည်။ ရပြီးသည်များ ဆုံးရှုံးရမှာကို နှမြောနေသည်။ သင်္ခါရကို တွန်းလှန်ချင်စိတ် ဖြစ်နေသည်။ ဤသည်မှာ ဓမ္မကို တွန်းလှန်ခြင်း ဖြစ်သည်။

သူခံစားရသည့် သောကများကြောင့် အတ္တသမားသည် ဒုစရိုက်များကို ကျူးလွန်ရန် အသင့်ဖြစ်နေတော့သည်။ တဖန် ကျူးလွန်ခဲ့သည်များကို တုန့်ပြန်ခံရမည်စိုးသောကြောင့် ဒုစရိုက်နည်းဖြင့်ပင် ကာကွယ်ရန် အားထုတ်နေမိပြန်သည်။

ဒုစရိုက် ပြုမိခြင်းကြောင့်၊ တနည်းအားဖြင့် “အဓမ္မ” ပြုမိခြင်းကြောင့် သူ့တွင် ဆန့်ကျင်ဘက်များ အလိုလို ရှိလာသည်။ သူ့အား တိုက်ခိုက်မည့်သူများ ရှိလာသည်။ တိုးတက်ယဉ်ကျေးလာသော လူ့သဘာဝက ပေးသည့် “ဓမ္မ အမွေ”ကြောင့် အဆိုပါ ဒုစရိုက်သမားအား ဆုံးမပဲ့ပြင် တားဆီးထိန်းသိမ်းသူများ ရှိလာရခြင်း ဖြစ်သည်။

ဒုစရိုက် ပြုမိခြင်းကြောင့် ရရှိလာသော ချမ်းသာခြင်းကား အစစ်အမှန် မဟုတ်။ ဒုစရိုက်လုပ်ငန်းကြောင့် ဓနအင်အား တိုးပွားနိုင်သည်။ အဆောင်အယောင်၊ ရာထူး မြင့်မြင့်မားမား ရထားနိုင်သည်။ အကာအကွယ်ကောင်းကောင်း ရထားနိုင်သည်။

သို့သော် တချိန်တည်းမှာပင် စိုးရိမ်ပူပန်စိတ် “သောက”များကို သူကိုယ်တိုင်က ယူထားမိနေသောကြောင့် ချမ်းသာခြင်း အစစ်အမှန်ကို မရနိုင်ပဲ ဖြစ်နေရတော့သည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ရသည်မှာ

အိပ်မပျော်သူအတွက် ညတာရှည်သကဲ့သို့ ထင်ရ၏။
ခရီးပန်းလာသူအတွက် တစ်ယူဇနာ ခရီးသည် ရှည်လျား၏။
သူတော်ကောင်းတရားကို မသိနားမလည်ကြသော လူမိုက်များအတွက် သံသရာသည် အလွန်ရှည်လျား နေရတော့သည်။
ဓမ္မပဒ (၆ဝ) အညတရ ပုရိသာ ဝတ္ထု
ကလေးတို့သည် နှစ်ခြိုက်စွာ အိပ်ပျော်လေ့ ရှိကြသည်။
နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ခြင်း၏ ပထမအကြောင်းရင်းမှာ ပူပင်သောက မရှိခြင်းနှင့် ဆိုင်သည်။ ကလေးတို့သည် လောကကြီး အကြောင်း ကောင်းစွာ နားမလည်သေးသဖြင့် သူတို့၌ ပူပင်သောက ကြီးကြီးမားမား မရှိ။ ထို့ပြင် တာဝန်ယူစရာ မလိုအပ်သေးသည့် အရွယ်လည်း ဖြစ်နေပြန်သည်။ သူတို့သည် မအိပ်စက်မီ တောင်တွေး မြောက်တွေး မရှိ။ တခုတည်းသာတွေး၍ အိပ်တတ်သည်။ ဥပမာ- သူတို့ နှစ်သက်ရာ အရုပ်လိုချင်သည့် အကြောင်း၊ အဝတ်အစားသစ် လိုချင်သည့်အကြောင်း တွေး၍ အိပ်သွားခြင်းမျိုး ဖြစ်သည်။
အစွဲအလမ်းဖြင့် အိပ်သွားခြင်းသည် ပူပင်သောက တမျိုးကို ခံစားရခြင်း ဖြစ်သည်။ သို့သော် ပုံမှန်ကလေးတို့ မည်သည် များသောအားဖြင့် အခြားအစားထိုးစရာ တခုခုကို အလွယ်တကူ လက်ခံတတ်သည့် သဘောရှိတတ်၍ ကြီးမားသော ပူပင်သောက မဖြစ်။ ထိုအခါ ကလေးတို့၏ စိတ်သည် ထွေပြားခြင်း မရှိပဲ တည်ငြိမ်နေတော့သည်။ တနည်းအားဖြင့် ပုံမှန်ကလေးတို့၏ စိတ်သည် အလွန်အကျွံ မဖြစ်တတ်။ ထိုသို့သောစိတ် တခုတည်းကိုသာ ထားနိုင်စွမ်း ရှိကြသည်။
စိတ်တခုတည်း ထားနိုင်ခြင်းဖြင့် အိပ်ပျော်စေတတ်ကြောင်း လူကြီးများဖြင့် နမူနာပေးနိုင်သည်။ အချို့လူကြီးများသည် အိပ်ယာဝင်သောအခါ အချိန်အတန်ကြာသည်အထိ အိပ်မပျော်နိုင်ပဲ ရှိနေတတ်ကြသည်။ ထိုအခါ သူတို့သည် ထွက်သက် -ဝင်သက်ကိုသာ ပုံမှန် ပြုလုပ်နေရင်း မကြာခင်မှာပင် အိပ်ပျော်သွားတတ်ကြသည်။ လိုရင်းမှာ ထွက်သက်-ဝင်သက်အပေါ် စိတ်တခုတည်းသာ ရှိနေသဖြင့် ပူပင်သောက(များ)ကို တမင်တကာ မေ့ထားသလို ဖန်တီးနိုင်သောကြောင့် ဖြစ်သည်။
ဒုတိယအကြောင်းရင်းမှာ ရာသီဥတု ဒဏ်မှ နွေးထွေးလုံခြုံပြီး သက်တောင့်သက်သာ ရှိသည့် နေရာတွင် အိပ်စက်ရခြင်း ဖြစ်သည်။ အလွန်အကျွံ ပူခြင်း၊ အေးခြင်း မရှိလျှင်၊ ကြမ်းပိုး-ခြင်-ယင်-မှက်များ မရှိလျှင် ပူပင်သောက ကင်းတတ်သူ မှန်သမျှ သင့်တင့်မျှတသော နေရာတွင် နှစ်ခြိုက်စွာ အိပ်ပျော်တတ်ကြသည်။
သို့ဖြစ်ရာ အပူအပင်ကင်းနေခြင်းနှင့် လုံခြုံနွေးထွေးပြီး သက်တောင့် သက်သာရှိသောနေရာ၌ အိပ်စက်ခြင်းသည် ကောင်းစွာ အိပ်ပျော်စေနိုင်မည့် အဓိက အကြောင်းရင်းများ ဖြစ်သည်ဟု ဆိုရပါမည်။
သို့သော် နေ့နေ့ညည အိပ်မပျော်နိုင်သူများမှာလည်း ဒုနှင့်ဒေး ပေါများလှသည်။ ပင်ပန်းလွန်း၍ အိပ်မောကျ သွားသည်ကလွဲ၍ အိပ်ယာကလည်း ကောင်းပါလျက်၊ လုံခြုံနွေးထွေးပါလျက် အိပ်မပျော်နိုင်ကြသူများ ရှိသည်။ သူတို့တွင် ရောဂါ ဝေဒနာ တခုခု ရှိသောကြောင့်၊ သို့မဟုတ်လျှင် ပူပင်သောကများ၊ စိုးရိမ်စိတ်များ ရှိနေသောကြောင့်ဟုသာ ဆိုရပေလိမ့်မည်။
အသက်ကြီးလာသည်နှင့်အမျှ လူ့လောကထဲတွင် “အသက်တရာ မနေရသော်လည်း အမှုတရာ ပွေရသည်” ဆိုသော စကားအတိုင်း ဖြစ်လာကြရသည်။ စီးပွားရေး၊ လုံခြုံရေး၊ ရာထူး တည်မြဲ-တိုးတက်ရေး၊ သားရေး-သမီးရေး အစရှိသည်တို့အတွက် လိုအပ်သည်ထက်ပို၍ ကောင်းသထက်ကောင်းအောင် ဖြစ်ချင်သော စိတ်ဆန္ဒများ ရှိလာကြသည်။ ဤသည်မှာ လောဘ ဖြစ်သည်။
ထိုထိုသော အမျိုးစုံစွာ ရှိသည့် လောဘကို တားဆီး ပယ်ဖျက်နိုင်သူများ ရှိကြသည်။ တားဆီးနိုင်သည်နှင့်အမျှ ပူပင် သောက မဖြစ်။ ဖြစ်လာသည့်တိုင်အောင် ဖြေဖျောက် အစားထိုးနိုင်စွမ်း ရှိသည်။ ထိုအခါ ကောင်းစွာ အိပ်ပျော်သည်။
လူ့လောကတွင် လောဘကို မသတ်နိုင်သူတို့ ရှိကြသည်။ တဖန် ဆန္ဒပြည့်ဝပြီးသော်လည်း ရလေ-လိုလေ ဖြစ်နေတတ်ကြပြန်သည်။ နောက်ထပ် မရမှာ၊ သူတပါး ရသွားမှာ တွေးရင်း ပူပင်သောက ဖြစ်ကြသည်။ လောဘ ဖိစီးမှုကြောင့် သောက ဖြစ်ရသည်။ များများ ဖိစီးလေ။ သောက ပိုများလေ ဖြစ်ရသည်။ ထိုအခါ မည်မျှပင် လုံခြုံနွေးထွေးသောနေရာ၌ အိပ်စက်ရစေကာမူ အိပ်မပျော် နိုင်ပဲ ဖြစ်နေတော့သည်။
လောဘကို မသတ်နိုင်သူတို့မှာ ဒေါသဖြစ်ကြသည်။ လောဘကြီးလေ ဒေါသကြီးလေ ဖြစ်သည်။ ဒေါသဖြစ်လေ အိပ်မရလေ ဖြစ်ရပြန်သည်။
မိမိကိုယ်ကို လောဘ တက်နေမှန်း မသိ၊ ဒေါသထွက်နေမှန်း မသိ ဖြစ်နေပြန်သည်။ ဤသို့ မသိခြင်းမှာ မောဟ ဖြစ်သည်။
ဘာကြောင့် မောဟ ဖြစ်ရသနည်း။
သူတော်ကောင်းတရားကို မသိသောကြောင့် ဖြစ်ရသည်။ မရမက သိအောင် အားထုတ်သူတို့ ရှိနိုင်ရာသည်။ သို့သော် အချို့မူကား သူတော်ကောင်းတရားကို သိနားလည်ရန်၊ လက်ခံကျင့်သုံးရန် အခြေအနေ မပေး။ အခြေအနေ ပေးသည့်တိုင်အောင် လောဘဇောကပ်နေသဖြင့် အချိန်ပေးပြီး အားမထုတ်နိုင်။ အချို့လည်း နည်းမျိုးစုံဖြင့် အကြောင်းပြ၍ ရှောင်ထွက်ကြသည်။ သို့ဖြင့် နောက်ဆုံးတွင် သူတော်ကောင်းတရားနှင့် လွဲရသည်။
သူတော်ကောင်းတရားနှင့် လွဲနေသော်လည်း လောလောဆယ်၌ ရာထူး၊ စည်းစိမ်ဥစ္စာ၊ ခြွေရံသင်းပင်း အစရှိ သည်တို့ ပြည့်စုံနေသေးသဖြင့် လွဲရကျိုးနပ်သည်ဟု ထင်နေသူတို့လည်း ရှိတတ်သည်။ အယူမှားခြင်း တမျိုး ဖြစ်သည်။ ထိုသို့အယူမှားခြင်းကြောင့် လက်ရှိအခြေအနေတွင် မိမိပြုသမျှ မှန်သည်၊ ကောင်းသည်ဟုသာ အထင်ရောက်နေသည်။ ယထာဘူတ ကျကျ သုံးသပ်ဆင်ခြင်ရန် မလိုအပ်သေးဟု ယူဆနေကောင်း နေပေ လိမ့်မည်။
တချိန်ချိန်တွင် မတည်မြဲသော သင်္ခါရ တရားကို လူတိုင်း ကြုံတွေ့ကြရမည်သာ ဖြစ်သည်။ ရာထူးကို မစွန့်လွှတ် ချင်သော်လည်း စွန့်လွှတ်ရမည်။ စည်းစိမ်ဥစ္စာတို့လည်း ပျက်စီးဆုံးပါးမည်သာ။ မည်မျှပင် ချစ်ခင် တွယ်တာ အားကိုးလောက်စရာ ဖြစ်သူ၊ သစ္စာရှိသူ ဖြစ်သည့်တိုင်အောင် အကြောင်းတခုခုဖြင့် လမ်းခွဲသွားမည်သာ ဖြစ်သည်။၊ သင်္ခါရတရားကို တားဆီးနိုင်စွမ်းရှိသူ လူစွမ်းကောင်းများ ဤကမ္ဘာတွင် မရှိပါ။ နောင်လည်း ရှိမည် မဟုတ်ပါ။
သူတော်ကောင်း ဖြစ်သူကို တွေ့လျှင် သူတော်ကောင်းတရားကို သိရှိလာမည်မှာ သေချာသည်။ မတွေ့ရသည့် တိုင်အောင် သူတော်ကောင်းတို့ ပြောဆိုကျင့်ကြံသည်များ၊ ဆုံးမညွှန်ပြသည်များကို အခြားတနေရာရာမှတဆင့် ကြားနိုင်သည်။ ဖတ်နိုင်သည်။ ဆည်းပူးလေ့လာနိုင်သည်။ မိမိကိုယ်တိုင် အလားတူ ကျင့်ကြံအားထုတ်နိုင်သည်။
သူတော်ကောင်းတွင် ကုသိုလ်စိတ်သာ ရှိသည်။ သီလရှိသည်။ သမာဓိရှိသည်။ ပညာရှိသည်။ ထို့ထက်ပို၍လည်း ရှိနိုင်သေးသည်။ သို့ဖြစ်၍ မိမိ၏ဘဝကို တိုးတက်အေးချမ်းလာအောင် သူတော်ကောင်းက ကုသိုလ်ပြု ကူညီပေး မည်ဖြစ်သည်။ လိုအပ်သလို လမ်းညွှန်ပေးမည်ဖြစ်သည်။ နေမကောင်းဖြစ်သူ၊ ရောဂါဝေဒနာရှိသူကို ဆရာဝန်က ကုသပေးသကဲ့သို့ ဖြစ်သည်။
ရောဂါသည်က ဆရာဝန် အစစ်အမှန်နှင့် တွေ့ရန် လိုသကဲ့သို့ သူတော်ကောင်းတရား ရှာဖွေရန် သူတော်ကောင်း အစစ်အမှန်နှင့် တွေ့ရဖို့သာ ဂရုစိုက်ရပါလိမ့်မည်။
သူတော်ကောင်းတရား မတွေ့သရွေ့ လောဘ၊ ဒေါသ၊ မောဟအတွင်း တဝဲလည်လည်နေရပေဦးမည်။ မိမိပိုင် ရာထူး၊ စည်းစိမ်၊ ခြွေရံသင်းပင်းတို့က ပူပင်သောကများကို အမှန်စင်စစ် ဖြေဖျောက်ပေးနိုင်စွမ်း ရှိမည် မဟုတ်ပါ။
ယခုပင်လျှင် လောဘ၊ ဒေါသ၊ မောဟ ကင်းစင်ခြင်း၏ အကျိုးတရပ်ကို သိနေပြီးလောက်ပြီ ဖြစ်သည်။ သူတော်ကောင်းတရားနှင့် စတင် မိတ်ဆက်နေလေပြီ။
သူတော်ကောင်းတရားများကို လက်လှမ်းမီသရွေ့ ဓမ္မပဒမှ ဆက်လက် ရှာဖွေကြပါဦးစို့။

Jul 14, 2013

မင်း၏ အကူအညီနှင့် သာသနာ



• မင်းများ တရားမစောင့်လျှင်သော်လည်းကောင်း အုပ်ချုပ်ရေး
... မတတ်လျှင်သော်လည်းကောင်း တိုင်းသူ ပြည်သား လူအများ
ဆင်းရဲ ဒုက္ခ ရောက်ကြ ရ၏။ တိုးတက် ကြီး ပွားမှု မရ နိုင်။
သာသနာလည်း မင်းများ အကူအညီကိုရသော် ပို၍ တိုးတက်
ကြီးပွား နိုင်၏။

• လောက၌ မပြုသင့်သည်ကို ပြုခြင်းသည် အကုသိုလ် ဖြစ်သ
ကဲ့သို့ ပြုသင့်သည်ကို မပြုခြင်းသည်လည်း အကုသိုလ်ပင်။

• မိမိက မတတ်၍ တစ်စုံ တစ်ယောက်က ပြင်ပေး လာလျှင်
ယဉ်မည့် လှမည့် တန်ဆာကို ပေးအပ်သကဲ့သို့ ၀မ်းသာစွာ
လက်ခံထိုက်၏။လူ့သဘာဝမှာ မာနခံလေးများ ရှိတတ်ရာ
ထိုကဲ့သို့ ပြုပြင်ပေးသည်ကို မခံချင် ဖြစ်ကာ ပြန်လှန်ပြောဆို
ဆန့်ကျင်ဘက် ပြုတတ်ကြ၏။ ထိုသူမျိုးမှာ မိမိရမည့် ကျက်
သရေမင်္ဂလာကို ဖျက်သည့်သူသာတည်း။

• လောက၌ ရတနာ ဆိုလျှင် အလွန် မြတ်နိုး တတ်ကြ၏။
တယုတယ တရိုတသေ သိမ်းစည်း စောင့်ရှောက်တတ်ကြ၏။
ဘုရား၌ ရတနာအဖြစ်ဖြင့် အဘယ်မျှ နှစ်နှစ်ကာကာ ယုံယုံ
ကြည်ကြည် မြတ်နိုး ကြပါသနည်း။ဘုရား အာရုံကို တရိုတသေ
တယုတယ အဘယ်မျှ စိတ်ထဲတွင် သိုမှီးမိကြပါသနည်း။

• လောက၌ အသိဥာဏ်သာ ရှိ၍ အကျင့်တရား မရှိသောသူမှာ
သူတကာ တရားမဲ့ပြုနေလျှင် သနား စောင့်ရှောက်ရကောင်းမှန်း
မသိ။ ကယ်တင် ရန်လည်း နားမလည်တတ်။ အသိဥာဏ်ပါ မရှိ
မူကား ဆိုဖွယ်ရာ မရှိတော့ချေ။

• သာသနာတော် ကြီးပွားဖို့ အရေးကြီးသည်။ဤသာသနာတော်
ကြီးပွားမှ မိမိတို့ ယခု သာသနာတော်၏ အကျိုးစီးပွားတွေ ခံစား
ရသကဲ့သို့ နောင်တချိန်တွင် လည်းပဲ မိမိတို့ သားစဉ် မြေးဆက်
သာသနာ တော်ကို ကိုးကွယ်တတ် ကိုးကွယ်ခွင့် မြတ်နိုးတတ်
မြတ်နိုးခွင့် စောင့်ရှောက်တတ် စောင့်ရှောက် ခွင့်တွေ ရကြပြီး
ဤ ဗုဒ္ဓသာသနာတော်ကြီး တိုးတက် ကြီးပွားစေရန် သူတိုလေး
တွေက ဆက်လက်ဆောင်ရွက် ကြပါလိမ့်မည်။

• ယနေ့ခေတ်တွင် ဗုဒ္ဓဆိုသည့် အမည်သည် ကမ္ဘာလောကတွင်
ပဲ့တင်ထပ်လျှက် ရှိပေသည်။ သာသနာတော် မရှိသေးသည့်
နိုင်ငံတို့၌ပင် ပညာရှိ အချို့တို့၏ လေ့လာ လိုက်စားမှုကြောင့်
လူသိများနေလေပြီ။ဆက်သွယ်ရေး တိုးတက် ကောင်းမွန်လာ
သော ခေတ်အခါ ဖြစ်၌လည်း အတော်အတန် ကမ္ဘာပျံ့လျှက်
ရှိပေပြီ။

• မြန်မာပြည် ဗုဒ္ဓသာသနာတော်ကြိးကို ယနေ့ မြန်မာလူမျိုးတို့
ဂုဏ်ယူနေသကဲ့သို့ နောင်တွင်လည်း မိမိတို့ သားသမီး မြေး
မြစ်များ အဆက်ဆက် ဂုဏ်ယူတတ်စေရန် တာဖိုးထားတတ်
စေရန် ရည်ရွယ်၍ ကြိုးစားပြီး အမွေအနှစ် ပေးကြရာ၏။သို့မှ
သာ ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ပြန်ပွား ထွန်းကားလာပြီး
အရှည်ခန့် တည်တန့် နိုင်ပေမည်။

သပြေကန်ဆရာတော်ဘုရားကြီး၏ အဆိုအမိန့်များမှ ပူဇော်ပါသည်။
သာသနာပြု မင်းအပေါင်းကို ဥိးညွှတ်ပါ၏။

သုံးဆယ့်တစ်ဘုံ အလုံးစုံ အကုန်ချမ်းသာကြပါစေ.

မူရင်းရေးသားခဲ့သူအား Credit ပေးပါသည်။

သရဏဂုံ ညစ်နွမ်းခြင်း လေးမျိုး


(၁) ရတနာသုံးပါး၏ ဂုဏ်တော်တို့ကို မသိခြင်းကြောင့် သရဏဂုံ ညစ်နွမ်းခြင်း။

... ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်တို့ကို နားမလည်က ယုံကြည် ဆည်းကပ်စိတ် အားပျော့သွားသဖြင့် သရဏဂုံ ညစ်နွမ်း၏။

(၂) ရတနာသုံးပါး၏ ဂုဏ်ကို အသိမှားခြင်းကြောင့် သရဏဂုံ ညစ်နွမ်းခြင်း။

မြတ်စွာဘုရား၏ ဂုဏ်တော်အရှိက တခြား၊ မိမိသိထားသည်က တမျိုးဖြစ်ပါက အသိမှားသောကြောင့် ယုံကြည် ဆည်းကပ်စိတ် အားပျော့၊ သရဏဂုံ ညစ်နွမ်း၏။

(၃) ဘုရား၊ တရား၊ သံဃာကို ယုံမှား သံသယဖြစ်ခြင်းကြောင့် သရဏဂုံ ညစ်နွမ်းခြင်း။

ဘုရားဆိုတာ တကယ် ပွင့်ခဲ့တာမှ ဟုတ်ရဲ့လား၊ သဗ္ဗညုတဉာဏ်ကို ရတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား၊ တရားကကော တရားစစ် တရားမှန် ဟုတ်ရဲ့လား၊ ဒီတရားအတိုင်း လိုက်နာရင် အကျိုးရှိနိုင်ပါ့မလား၊ ချမ်းသာရစေနိုင်တယ်ဆိုတာ ဟုတ်ပါ့မလား၊ ဒီတရားအတိုင်းကျင့်ရင် စီးပွားရေးတွေ မဆုတ်ယုတ်ကုန်ပေဘူးလား၊ သံဃာကကော ကိုးကွယ် ဆည်းကပ်ထိုက်တဲ့ သံဃာဟုတ်ပါ့မလား၊ လူတွေနဲ့ ဘာထူးသလဲ၊ အဲဒီလို စသည်ဖြင့် ရတနာသုံးပါးအပေါ်မှာ ဖြစ်စေ၊ တစ်ပါးပါးအပေါ်မှာ ဖြစ်စေ ယုံမှား သံသယ ဒွိဟစိတ် ဝိစိကိစ္ဆာစိတ်တွေ ဖြစ်နေပါက ယုံကြည် ဆည်းကပ်မှု အားပျော့သွားပြီး သရဏဂုံ ညစ်နွမ်း၏။

(၄) ရတနာသုံးပါးကို မရိုသေ မလေးစားခြင်းကြောင့် သရဏဂုံ ညစ်နွမ်းခြင်း။

ရတနာသုံးပါးအကြောင်းကို သေသေချာချာ မလေ့လာ မသိရှိဘဲ၊ သာမန်မျှ မဖြစ်စလောက် အသိကလေးပေါ် အခြေခံပြီး ရတနာသုံးပါးအပေါ်မှာ အထင်သေး အမြင်သေး ရိုသေ လေးစားမှု မရှိခြင်းကြောင့် ယုံကြည် ဆည်းကပ်စိတ် အားနည်းကာ သရဏဂုံ ညစ်နွမ်း၏။

ဆောင်ပုဒ်

ရတနာ့ဂုဏ်ရည်၊ မသိပြီ၊ ညစ်သည် သရဏဂုံ။
ရတနာ့ဂုဏ်ရည်၊ သိမှားပြီ၊ ညစ်သည် သရဏဂုံ။
ရတနာ့ဂုဏ်ရည်၊ ယုံမှားပြီ၊ ညစ်သည် သရဏဂုံ။
ရတနာသုံးထွေ၊ မရိုသေ၊ ညစ်လေ သရဏဂုံ။

(ချမ်းမြေ့ဆရာတော်)

ဗုဒ္ဓဘာသာစောင့်ရှောက်သူများအသင်း မှကူးယူဖော်ပြပါသည်။

Jul 11, 2013

သုဘဒ်ပရိဗိုဇ်ဝတ္ထု မဟာပရိနိဗ္ဗာနသုတ်

သုဘဒ္ဒ အကြင်ဓမ္မဝိနယဟူသော သာသနာ၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ် (တရား) သည် မရှိ၊ ထို (အရိယမဂ်တရားမရှိသော သာသနာ) ၌ (သောတာပန်) ရဟန်းသည်လည်း မရှိ၊ ဒုတိယအဆင့် (သကဒါဂါမ်) ရဟန်းသည်လည်း မရှိ၊ တတိယအဆင့် (အနာဂါမ်) ရဟန်းသည်လည်း မရှိ၊ စတုတ္ထအဆင့် (ရဟန္တာ) ရဟန်းသည်လည်း မရှိ။

သုဘဒ္ဒ အကြင်တရားဝိနည်း (ဓမ္မဝိနယ) ဟူသော သာသနာတော်၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ် (တရား) သည် ရှိ၏၊ ထို (အရိယမဂ်တရားရှိသော သာသနာတော်) ၌ (သောတာပန်) ရဟန်းသည်လည်းရှိ၏၊ ဒုတိယအဆင့် (သကဒါဂါမ်) ရဟန်းသည်လည်း ရှိ၏၊ တတိယအဆင့် (အနာဂါမ်) ရဟန်းသည်လည်းရှိ၏၊ စတုတ္ထ အဆင့် (ရဟန္တာ) ရဟန်းသည်လည်း ရှိ၏။

သုဘဒ္ဒ (ငါ၏) တရားဝိနည်း (ဓမ္မဝိနယ) ဟူသော ဤသာသနာတော်၌ အင်္ဂါရှစ်ပါးရှိသော အရိယ မဂ် (တရား) သည် ရှိပေ၏၊ ဤ (အရိယမဂ်တရားရှိသော သာသနာတော်) ၌သာလျှင် (သောတာပန်) ရဟန်းသည် ရှိပေ၏၊ ဤ (သာသနာတော်) ၌သာလျှင် ဒုတိယအဆင့် (သကဒါဂါမ်) ရဟန်းသည် ရှိပေ၏၊ ဤ (သာသနာတော်) ၌သာလျှင် တတိယအဆင့် (အနာဂါမ်) ရဟန်းသည် ရှိပေ၏၊ ဤ (သာသနာတော်) ၌သာလျှင် စတုတ္ထအဆင့် (ရဟန္တာ) ရဟန်းသည် ရှိပေ၏။ (ဤငါ၏ သာသနာတော်မှ) တစ်ပါးသော အယူဝါဒ (သာသနာ) တို့သည် တရားကို သိမြင်သော ရဟန်းမြတ် (တစ်ကျိပ်နှစ်ယောက်၁) တို့မှ ဆိတ်ကုန်၏၊ သုဘဒ္ဒ ဤရဟန်းမြတ် (တစ်ကျိပ်နှစ်ယောက်) တို့သည် မှန်စွာ (အဆင့်ဆင့် ဟောပြောလျက်) နေကုန်ငြားအံ့၊ လောကသည် ရဟန္တာတို့မှ မဆိတ်မသုဉ်းသည်သာ ဖြစ်ရာ၏-

သုဘဒ္ဒ (ငါသည်) သဗ္ဗညုတဉာဏ်ကို ရှာလိုသည်ဖြစ်၍ နှစ်ဆယ့်ကိုးနှစ် အရွယ်က ရဟန်းပြုခဲ့၏၊ သုဘဒ္ဒ ငါ ရဟန်းပြုသည်မှစ၍ အနှစ်ငါးဆယ်ကျော်ခဲ့လေပြီ၊ ဤ (ငါ၏ သာသနာတော်) မှ အပ၌အရိယမဂ်တရား၏ ရှေ့ပိုင်းဖြစ်သော ဝိပဿနာမဂ်ကို ပွါးစေသောသူသည်လည်း မရှိချေ၊ (သောတာပန်) ရဟန်းသည် လည်း မရှိချေ၊ ဒုတိယအဆင့် (သကဒါဂါမ်) ရဟန်းသည်လည်း မရှိချေ၊ တတိယ အဆင့် (အနာဂါမ်) ရဟန်းသည်လည်း မရှိချေ၊ စတုတ္ထအဆင့် (ရဟန္တာ) ရဟန်းသည်လည်း မရှိချေ။ (ဤ ငါ၏သာသနာ တော်မှ) တစ်ပါးသော အယူဝါဒ (သာသနာ) တို့သည် တရားကို သိမြင်သော ရဟန်းမြတ် (တစ်ကျိပ်နှစ်ယောက်) တို့မှ ဆိတ်ကုန်၏။

သုဘဒ္ဒ ဤရဟန်းမြတ် (တစ်ကျိပ်နှစ်ယောက်) တို့သည် မှန်စွာ (အဆင့်ဆင့် ဟောပြောလျက်) နေကုန်ငြားအံ့၊ လောကသည် ရဟန္တာတို့မှ မဆိတ်မသုဉ်းသည်သာ ဖြစ်လေရာ၏''ဟု (ဟောတော် မူ၏)။
သုဘဒ်ပရိဗိုဇ်ဝတ္ထု မဟာပရိနိဗ္ဗာနသုတ်

သီလအစု ၁ဝ-သုဘသုတ်

အသျှင်အာနန္ဒာ ထို အသျှင်ဂေါတမသည် အကြင် (သီလက္ခန္ဓာ) ကို ချီးကျူးလေ့ရှိ၏၊ အကြင် (သီလက္ခန္ဓာ) ၌လည်း ဤလူအပေါင်းကို ဆောက်တည်စေ၏၊ သက်ဝင်စေ၏၊ တည်စေ၏၊ ထိုမြတ်သောသီလက္ခန္ဓာကား အဘယ်ပါနည်း။
လုလင် ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူတတ်သော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသောမာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤလောကကိုလည်းကောင်း၊ သမဏ ဗြာဟ္မဏနှင့် တကွသောမင်းများ လူများနှင့် တကွသော သတ္တဝါအပေါင်းကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏။
ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်၏သားသည်လည်းကောင်း၊ အခြားဇာတ်တစ်မျိုးမျိုး၌ ဖြစ်သော သူသည်လည်းကောင်း ကြားနာရ၏၊ ထိုသူသည် ထိုတရားတော်ကို ကြားနာရ၍့မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏၊ ထိုသူသည် ယုံကြည်မှုကို ရသည်ဖြစ်၍ ဤသို့ ဆင်ခြင်၏ -
''လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြောင်းဖြစ်၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့်တူ၏၊ လူ့ဘောင်၌ နေသူသည် ဤမြတ်သော အကျင့်ကို စင်စစ် ပြည့်စုံစွာစင်စစ်စင်ကြယ်စွာ ခရုသင်းပွတ်သစ်စနှင့် တူစွာ ကျင့်ခြင်းငှါ မလွယ်၊ ငါသည် ဆံ မုတ်ဆိတ်ကိုပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင် ရောက်ရမူကောင်းလေစွ''ဟု ဆင်ခြင်၏။
ထိုသူသည် နောင်အခါ၌ နည်းသော ဥစ္စာစုကို စွန့်၍ဖြစ်စေ များသော ဥစ္စာစုကို စွန့်၍ဖြစ်စေနည်းသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ များသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။
ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းလျက် နေ၏၊ အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ၁' နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟုရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏၊ ကောင်းသော ကာယကံ ဝစီကံနှင့်ပြည့်စုံသည် ဖြစ်၍ စင်ကြယ်သော အသက်မွေးမှု ရှိ၏၊ သီလနှင့် ပြည့်စုံ၏၊ ဣနြေ္ဒတို့၌ ပိတ်ထားသောတံခါးရှိ၏ (ဣနြေ္ဒတို့ကို စောင့်စည်း၏)၊ စားဖွယ်၌ အတိုင်းအရှည်ကို သိ၏၊ အောက်မေ့ခြင်း 'သတိ' ဆင်ခြင်ခြင်း 'သမ္ပဇဉ်' နှင့် ပြည့်စုံ၏၊ ရောင့်ရဲလွယ်၏။
၄၅၁။ လုလင် ရဟန်းသည် အဘယ်သို့လျှင် အကျင့်သီလနှင့် ပြည့်စုံသနည်း။ လုလင် ဤ (လောက) ၌ ရဟန်းသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကိုချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေ၏။
လုလင် ရဟန်းသည် ယင်းအသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကိုချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေ၏၊ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။[ထိုမှ နောက်၌ အလုံးစုံကို ချဲ့အပ်၏]
ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ် တို့ကိုသုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် အသက်မွေးကြ၏၊ ဤသည်တို့ကား အဘယ်နည်း -
နတ်ကိုးခြင်း တောင်းဆုပြည့်၍ နတ်ပူဇော်ခြင်း ဖုတ်တစ္ဆေအတတ်ကို လေ့ကျင့်ခြင်း မြေအိမ်၌နေ၍ သင်အပ်သော အတတ်ကို လေ့ကျင့်ခြင်း (ပဏ္ဍုက်ကို) ယောက်ျားဖြစ်စေခြင်း (ယောက်ျားကို) ပဏ္ဍုက်ဖြစ်စေခြင်း မြေကြန်အတတ်ကိုလေ့ကျင့်ခြင်း ဆောက်လုပ်မည့် မြေရာ၌ အစီအရင်ပြုခြင်းခံတွင်းဆေးခြင်း ရေချိုးစေခြင်း မီးပူဇော်ခြင်း ပျို့အန်စေခြင်း ဝမ်းသက်စေခြင်း (သလိပ်စသည့်ဒေါသတို့ကို) အထက်သို့လှန်စေခြင်း အောက်သို့လျှောစေခြင်း ဦးခေါင်းမှ (သွေးစသော ဒေါသတို့ကို) ထွက်စေခြင်း နားဆီချက်ခြင်း မျက်စဉ်းဆီချက်ခြင်း နှာနှတ်ခြင်း ထက်သော မျက်စဉ်းဆေးဖော်ခြင်း အေးသော မျက်စဉ်းဆေးဖော်ခြင်း တိမ်သလာကို ဆေးကုခြင်း ခွဲစိတ်ကုသခြင်း သူငယ်နာဆေးကုခြင်း မူလဆေးတို့ကို ပေးခြင်း အနာဆေးတို့ကို (ကပ်ခြင်း) ခွါခြင်း၊ ဤသည်တို့တည်း။
(ရဟန်းသည်) မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် အသက်မွေးခြင်းမှရှောင်ကြဉ်၏။
လုလင် ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သောဖီလာအတတ်ဖြင့် အသက့်မွေးကြ၏၊ ဤသည်တို့ကား အဘယ်နည်း -
နတ်ကိုးခြင်း တောင်းဆုပြည့်၍ နတ်ပူဇော်ခြင်း။ပ။ အနာဆေးတို့ကို (ကပ်ခြင်း) ခွါခြင်း ဤသည်တို့တည်း။
ရဟန်းသည် ယင်းသို့ မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်၏၊ ဤသည်လည်း ထို (ရဟန်း)၏ သီလပေတည်း။
၄၅၂။ လုလင် စင်စစ်မူကား ဤသို့ သီလနှင့် ပြည့်စုံသော ထိုရဟန်းသည် ယင်းသို့ သီလစောင့်ထိန်းခြင်းနှင့် စပ်၍ မည်သည့် အကြောင်းကြောင့်မျှ ဘေးကို မတွေ့မြင်ရ။ လုလင် အဘိသိက်သွန်းပြီးသော၊ ရန်သူကို ပယ်ပြီးသော မင်းသည် ရန်သူနှင့်စပ်၍ မည်သည့်အကြောင်းကြောင့်မျှ ဘေးကိုမတွေ့ မြင်ရသကဲ့သို့၊ ဤအတူ ဤသို့ သီလနှင့်ပြည့်စုံသော ရဟန်းသည် သီလစောင့်ထိန်းခြင်းနှင့်စပ်၍မည်သည့် အကြောင်းကြောင့်မျှ ဘေးကို မတွေ့မြင်ရ၊ ထိုရဟန်းသည် ဤမြတ်သော သီလက္ခန္ဓာနှင့်ပြည့်စုံသည် ဖြစ်၍ မိမိသန္တာန်၌ အပြစ်ကင်းသော ချမ်းသာကို ခံစား၏၊ လုလင် ရဟန်းသည်ဤသို့လျှင် သီလနှင့် ပြည့်စုံပေ၏။
၄၅၃။ လုလင် ထိုမြတ်စွာဘုရားသည် အကြင် (သီလက္ခန္ဓာ) ကို ချီးကျူးလေ့ ရှိတော်မူ၏၊ အကြင် (သီလက္ခန္ဓာ) ၌လည်း ဤလူအပေါင်းကို ဆောက်တည်စေတော်မူ၏၊ သက်ဝင်စေတော်မူ၏၊ တည်စေတော်မူ၏၊ ထိုမြတ်သော သီလက္ခန္ဓာကား ဤသည်ပင်တည်း၊ သို့ရာတွင် ဤ (သာသနာတော်၌) ၌ (ဤသီလက္ခန္ဓာထက်) လွန်သော ပြုဖွယ်ကိစ္စသည်ကား ရှိသေးသည်သာတည်း။
အံ့သြဖွယ် ရှိပါပေစွ အသျှင်အာနန္ဒာ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အသျှင်အာနန္ဒာ၊ အသျှင်အာနန္ဒာထိုမြတ်သော သီလက္ခန္ဓာသည် မပြည့်စုံသည်မဟုတ် ပြည့်စုံပါပေ၏၊ အသျှင်အာနန္ဒာ အကျွန်ုပ်သည်ဤသို့ ပြည့်စုံသော သီလက္ခန္ဓာကို ဤ (သာသနာတော်မှ) အပ တစ်ပါးသောသမဏဗြာဟ္မဏတို့၌ မမြင် (မတွေ့) ရပါ၊ အသျှင်အာနန္ဒာ ဤသို့ပြည့်စုံသော မြတ်သော သီလက္ခန္ဓာကို ဤ (သာသနာတော်မှ) အပတစ်ပါးသောသမဏဗြာဟ္မဏတို့သည် မိမိတို့ (သန္တာန်) ၌ မြင် (တွေ့) ကုန်ငြားအံ၊ ထိုသူတို့သည် ထိုမျှလောက် ဖြင့်သာလျှင် ဝမ်းမြောက် ကျေနပ်နေကုန်ရာ၏၊ ''ဤမျှလောက်ဖြင့် ပြည့်စုံပြီ၊ ဤမျှလောက်ဖြင့် (ပြုဖွယ်ကိစ္စကို) ပြုပြီးပြီ၊ ငါတို့သည် ရဟန်းဖြစ်ကျိုးကို ရပြီ၊ (ဤသီလက္ခန္ဓာထက်) လွန်သောတစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စသည် ငါတို့အား မရှိတော့ပြီ''ဟု (ဝမ်းမြောက်ကျေနပ် နေကုန်ရာ၏)၊ ထိုသို့ ဖြစ်ပါလျက် အသျှင်အာနန္ဒာသည် ဤ (သာသနာတော်) ၌ (ဤသီလက္ခန္ဓာထက်) လွန်သော ပြုဖွယ်ကိစ္စသည်ကား ရှိသေးသည်သာတည်းဟု မိန့်တော်မူဘိ၏။

Jul 8, 2013

ကမ္ဘာကျော်တွေ အင်တာဗျူးတဲ့ ဗုဒ္ဓ

၁။ နယူတန် နဲ့ ဗုဒ္ဓ
နယူတန်။ ။ဂေါတမဗုဒ္ဓ ရေ ၊ကျုပ်တော့ ကမ္ဘာမြေရဲ့ ဆွဲငင်အား အကြောင်းကို တွေ့ခဲ့ပြီ ဗျ။
... ဗုဒ္ဓ ။ ။ ကောင်းလိုက်တာ ဒကာကြီးရာ။ ဗုဒ္ဓလည်း အပါယ်လေးပါးရဲ့ ဆွဲငင်အား အကြောင်းကို တွေ့ခဲ့ပါတယ်ဗျ။ သတ္တဝါတွေသေရင် အပါယ်ရောက်ကြတာ များသဗျ။

၂။ ဝန်းကျင်ထိမ်းသိမ်ရေး သမားနဲ့ ဗုဒ္ဓ
ဝန်းကျင်ထိမ်းသိမ်ရေး သမား။ ။ဂေါတမဗုဒ္ဓ ရေ ၊ကျုပ်တို့ ကမ္ဘာကြီးက ပူနွေးသထက် ပူ...နွေးလာနေတယ် ဗျာ။
ဗုဒ္ဓ ။ ။ ဒကာကြီးတို့က ခုမှ ပူနွေးနေ၊ ကျုပ်ကဖြင့် အာဒိတ္တပရိတ္တ ပရိယာယ သုတ်ထဲမှာ "The whole world is burning" လို့ သတိပေးခဲ့တာ ကြာပေါ့။ ရဟန်းတွေကို သစ်ပင် ခုတ်ခွင့်ကို မပြုခဲ့ဘူး ဗျ။

၃။ ဘီးလ်ဂိတ် နဲ့ ဗုဒ္ဓ
ဘီးလ်ဂိတ်။ ။ ဗုဒ္ဓ ရေ ကျုပ်တော့ အပျော့စွမ်းအင်ကို တွေ့မိတယ်ဗျ၊ ဒါကို မိုက်ကရို ဆော့ဖ် လို့ အမည်ပေးမလို့ ဗျာ။
ဗုဒ္ဓ ။ ။ ဒကာကြီးက ဒါကို မိုက်ကရို ဆော့ဖ် လို့ ခေါ်သလား။ ကျုပ်ကတော့ ဒါကို အာရှဘာသာနဲ့ အဘိဓမ္မာထဲမှာ သုခုမ ရုပ် လို့ ခေါ်ထားတယ် ဗျ။

၎။ ရေသံသရာ နဲ့ ဗုဒ္ဓ
ရေသံသရာ ။ ။ဗုဒ္ဓ ရေ ၊ ရေဟာ အသွင်ကွဲသွားပေမယ့် အိတ်ခ်ျတူးအို ဓာတ်က မပျက်တော့ အကြောင်း ညီညွတ်တိုင်း ရေဘဲ ပြန်ပြန် ဖြစ်တယ် ဆိုတာ တွေ့ရသဗျာ။
ဗုဒ္ဓ ။ ။ဒကာကြီးကလည်း၊ ရေမှ သံသရာလည်တာ မဟုတ်ပါဘူးဗျာ။ လူလည်း သံသရာလည်တာ ပါဘဲ။ ကျုပ်ပြောထားတဲ့ ပဋိစ္စသမုပ္ပါဒ် အနုလုံက လူသံသရာ ဖော်မြူလာ လေဗျာ။

၅။ ဖလော်ဆော်ဖာ နဲ့ ဗုဒ္ဓ
ဖလော်ဆော်ဖာ။ ။ကြည့်လိုက်စမ်းပါ ဗုဒ္ဓရာ။ တံတားအောက်က ရေတွေ စီးဆင်းသွားနေလိုက်တာ။
ဗုဒ္ဓ ။ ။ရေမှ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ပါဦး၊ ဒကာကြီးလည်း စီးဆင်း နေတာပဲလေ။

၆။ ရီဆိုက်ကယ်လစ်တ် နဲ့ ဗုဒ္ဓ
ရီဆိုက်ကယ်လစ်တ်။ ။ကမ္ဘာကြီးကို ကာကွယ်ဖို့ စွန့်ပစ် ပစ္စည်း နည်းနိုင်သမျှ နည်းအောင် ကြိုးစားကြရမယ် ဗုဒ္ဓ ရေ။
ဗုဒ္ဓ ။ ။ ဒီ ကိစ္စကိုတော့ အနန္ဒာနဲ့သာ ဆွေးနွေးတော့ ဗျို့။သင်္ကန်းကနေ အိပ်ယာခင်း၊စောင် ။ အိပ်ယာခင်း၊စောင် ကနေ ကြမ်းတိုက် အဝတ်၊ တစ်ချို့ကို လက်သုတ် ခြေသုတ်။နောက်ဆုံး မြေဩဇာ ဖြစ်အောင် သုံးပြလိမ့်မယ်။ အာနန္ဒာကတော့ သုံးတတ်ရင် သုံးမရတာ ဘာမှ မရှိဘူး လို့ ဆိုလေရဲ့။ဥတေန မင်း လက်မြှောက်သွား သတဲ့ ဒကာကြီး ရေ။

ဝါဆိုသင်္ကန်း


သာသနာတော်ထွန်းကားတယ်ဆိုတာ....
(၁)၀ါဆို-ကထိန်သင်္ကန်းကပ်ပွဲတွေ ရှိနေသေးတာ။
(၂) သမထ-၀ိပဿနာ တွေကျင့်ကြံနေကြတာ။
... (၃)ဥပုသ်သီလ ဆောက်တည်နေကြတာ။
(၄) သာသနာတော်ရေရှည်တည်တံ့အောင် အထောက်အပံ့ပေးနေကြတာ။
(၅) ဘာသာရေးပွဲလမ်းသဘင်များကျင်းပနေကြတာ စတာတွေကို သာသနာတော်ထွန်းကားတယ်လို့ခေါ်ပါတယ်။

မြန်မာလ (၁၂) လ ရှိသည့် အနက် ၀ါဆိုလသည် စတုတ္ထ မြောက်လဖြစ်သည်။ ၀ါဆိုလသည် မြန်မာနိုင်ငံ၏ နွေရာသီနှင့် မုတ်သုံ ရာသီ ကာလ အပိုင်းအခြားတွင် ဖြစ်ပြီး၊ အင်္ဂလိပ်လ ဇွန်၊ ဇူလိုင်လ အတွင်းတွင် ကျရောက် လျှက်ရှိသည်။ (၁၂) လရာသီ ရှိသည့် အနက်မှ ၀ါဆို လပြည့်နေ့သည် အရေးပါသော နေ့တစ်နေ့ ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ အစိုးရ ရုံးပိတ်ရက် များတွင်လည်း ပါဝင်သည်။


ဝါဆိုလ၏ ဆိုလိုရင်းမှာ "၀ါ"သည်နေထိုင်ခြင်း ၊ "ဆို"သည် ရွတ်ဆိုခြင်းဟု အနက်ဖွင့် ဆိုကြသည်။ မိုးတွင်း သုံးလပတ်လုံး ရဟန်းတော်များ သီတင်းသုံးရာ ကျောင်း၌ နေထိုင်ပါ မည်ဟု အဆိုပြုသော လကို ၀ါဆိုလ ဟုခေါ်ဆိုသည်။ တစ်နည်းအားဖြင့် ၀ါဆိုလကို ပုဂံခေတ်ဦးတွင် မယ်တာ ဟုရေးသား အသုံးပြုခဲ့ကြသည်။ ပုဂံခေတ် နှောင်းပိုင်းတွင် မယ်တာ မှ နွေတာဟု ပြောင်းလဲ ခေါ်ဆိုခဲ့ကြသည်။ မယ်တာဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ မယ်သည် လယ်ယာ၊ မိုး၊ မြေကို ကိုယ်စားပြုပြီး၊ "တာ" ဆိုသည်မှာ တိုင်းတာခြင်းဟု အနက် ဖွင့်ဆိုသည်။ ထို့ကြောင့် လယ်ယာ မိုးမြေကို တိုင်းတာသောလ ဟုလည်း ဆိုနိုင်ပါသည်။ ၀ါဆို လ၏ ယေဘုယ နေထွက် ချိန်မှာ နံနက် ၄ နာရီ ၄၈ မိနစ်ဖြစ်ပြီး၊ နေ၀င်ချိန်မှာ ညနေ ၇ နာရီ ၁၂ မိနစ်ဖြစ်သည်။ ၁၂ လရာသီအ နက် ၀ါဆိုလသည် နေ့ တာ အရှည်ဆုံးလ ဖြစ်သည်။

ဝါဆိုလသည် မြန်မာလူမျိုးများ အတွက် ဘာသာရေးနှင့် ဆက်နွယ်သော အထွက်အမြတ် ထားရာ လပင်ဖြစ်သည်။ ဘုရား အလောင်းတော်သည် တုသိတာ နတ်ပြည်မှ စုတေ၍ လူ့ပြည့်၌ ပဋိသန္ဓေ တည်သည်မှာ ၀ါဆိုလပြည့် နေ့ပင်ဖြစ်သည်။ နိမိတ်ကြီး လေးပါးကို မြင်၍ တောထွက်သည့် နေ့မှာလည်း ၀ါဆိုလပြည့်နေ့ ပင်ဖြစ်သည်။ ဘုရားဖြစ်တော် မူပြီးနောက် ဓမ္မစကြာ တရားဦးကို ဟောကြား တော်မူသည့် နေ့မှာလည်း ၀ါဆိုလပြည့် နေ့ပင်ဖြစ်သည်။ သာဝတ္ထိပြည် သရက်ဖြူပင် ခြေရင်း၌ တိတ္ထိတို့ကို နှိမ်နင်း၍ တန်ခိုး ပြာ ဋိဟာ ပြသော နေ့မှာလည်း ၀ါဆိုလပြည့်နေ့ပင် ဖြစ်ပါတော့သည်။ ထိုသို့ ထူးခြားချက်များနှင့် ပြည့်စုံ နေသောကြောင့် ဗုဒ္စဘာသာ မြန်မာ လူမျိုး တို့အနေဖြင့် ၀ါဆိုလပြည့်နေ့ကို အထွတ်အမြတ် ပြုကြသည်။ ထို.ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ဤ၀ါဆို လပြည့် နေ့၌ ကျောင်းကန် ဘုရားသို့ သွားရောက်၍ ၀ါဆိုပန်းများ ကပ်လှူခြင်း၊ ၀ါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာ တရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်း အားဖြင့် ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ် ကြပါသည်။
(ကျန်းကိုး- မောင်ထင်၏ ၁၂ လရာသီ)


ဝါဆိုသင်္ကန်း။

ဝါဆိုသင်္ကန်း- ဆိုတာ ၀ါတွင်း ကာလ(မိုးကာလ)၌ မိမိတို့ ကျောင်းအသီးသီးတွင် သီတင်းသုံး နေထိုင်သည့် သံဃာတော် များအား လှူဒါန်းသည့် သင်္ကန်းလို့ ပြောနိုင်မယ် ထင်ပါတယ်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ၀ါဆိုသင်္ကန်းကို ၀ဿာဝါသိက သာဋိက-လို့ ဟောထား ပါတယ်။ ပါဠိ အင်္ဂလိပ် အဘိဓာန် မှာတော့ a cloak for use in the rainy season- လို့ဖွင့်ပြပါတယ်။ တိပိဋက ပါဠိ အဘိဓာန်က ၀ဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက-အ၀တ်(သင်္ကန်း) - မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ့ ရှိသော ရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ဆိုပါတယ်၊

ဒီနေ့ ခေတ်မှာတော့ များသောအားဖြင့် ၀ါမဆိုမီ ကာလမှာ ၀ါဆို သင်္ကန်းဆိုပြီး ကပ်လှူလေ့ ရှိတယ်။ ၀ါဆို သင်္ကန်း ကပ်လှူပွဲဆိုပြီး ဘုရားဟော ကျန်းဂန် များမှာတော့ တိုက်ရိုက် မလာပါဘူး။ ဆက်ဆပ် နှီးနွယ်လို့ ယူနိုင်တဲ့ story background လေးကတော့….

ဝိသာခါလို့ ပြောလိုက်ရင် ကျောင်းအမကြီးရဲ့ နာမည်လို့ ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါတယ်။ ဘုရားရှင် ၂၅-၀ါတိတိ သီတင်းသုံးတဲ့ သာဝတ္ထိမြို့ အရှေ့ဘက်မှာ ပုဗ္ဗာရာမ-ပုဗ္ဗာရုံဆိုတဲ့ ကျောင်းကြီးကို ဆောက်လုပ် လှူဒါန်းခဲ့တဲ့ ကျောင်းအမကြီးပေါ့။ တစ်နေ့ ကျောင်းအမကြီး ၀ိသာခါက ဘုရား အမှူးရှိတဲ့ သံဃာတော်တွေကို ဆွမ်းစားပင့်တယ်။ အဲဒီနေ့ညမှာ မိုးကလည်း ရွာလိုက်တာ မပြောပါနဲ့တော့၊ သဲကြီးမဲကြီး ကို ရွာတာ။ ဘုရားရှင်က တပည့် ရဟန်းတွေကို “ ရဟန်းတို့ ဒီမိုးဟာ ဇမ္ဗူဒိပ် တစ်ကျွန်းလုံး ရွာတဲ့မိုး, မိုးရာသီမှာ နောက်ဆုံး ရွာတဲ့ မိုးလည်း ဖြစ်တယ်။ ဒါကြောင့် ရဟန်းတို့ မိုးရေ ချိုးကြလို့” မိန့်တော် မူတော့ ရဟန်းတော် တွေဟာ မိုးရေချိုး ကြတာပေါ့၊ ဒါပေမယ့် သူတို့ရဲ့ ခန္ဓာကိုမှာ ဘာသင်္ကန်းမှ မပါဘဲ ရေချိုး ကြတာလေ။

မနက်မိုးလင်း ကျောင်းအမကြီး ၀ိသာခါအိမ်မှာ ဆွမ်းတွေ ပြင်လို့ပြီးတော့ သူ့အိမ်က ကျွန်- မ တစ်ယောက်ကို ကျောင်းကို လွှတ် လိုက်တယ်။ ဘုရားအမှူးရှိတဲ့ သံဃာတော် တွေကို ဆွမ်းစားကြွဖို့ ပင့်ခဲ့ပေါ့။ ကျွန်-မလေးကလည်း အပြေးအလွှား ကျောင်းကိုသွား၊ ကျောင်းကို ရောက်တော့ သင်္ကန်းမပါဘဲ ရေချိုးနေတဲ့ ရဟန်းတွေကို တွေ့တော့တာပေါ့။ ဒါနဲ့ အိမ်ကို ပြန်လာပြီး ရှင်မရေ “ ကျောင်းမှာလဲ ရဟန်းတော်တွေ တစ်ပါးမှ မရှိဘူး။ တက္ကဒွန်းတွေ ရေချိုး နေတာကိုပဲ တွေ့ခဲ့တယ်လို့” ပြန်ပြောတာပေါ့။

(တက္ကဒွန်းဆိုတာ ဘုရားခေတ်တုန်းက ဘာအ၀တ်မှ မ၀တ်ဘဲ နေကြတဲ့ သူတွေလေ၊ ဒီနေ့ခေတ်အထိ အိန္ဒိယနိုင်ငံမှာ ရှိနေသေးတယ်။ အ၀တ် ၀တ်ထားရင် အ၀တ်အပေါ်မှာ တက်မက် တွယ်တာတဲ့စိတ် ရှိတယ်ဆိုပြီး အကုန်ချွတ်ထား တဲ့အဖွဲ့ပေါ့။)

ကျောင်းအမကြီး ၀ိသာခါ ကတော့ တွေးတောတတ်တဲ့ ဥာဏ် အမြော်အမြင်ရှိ တော့ ကျွန်မလေးပြောတဲ့ စကားကို သဘော ပေါက်တယ်။ “တက္ကဒွန်း တွေတော့ မဟုတ် နိုင်ဘူး၊ သင်္ကန်း သုံးထည်ကိုပဲ ၀တ်နေရတဲ့ ရဟန်းတော် တွေပဲ ဖြစ်ရမယ် ပေါ့။ ဒီလိုနဲ့ ဘုရားအမှူး ရှိတဲ့ သံဃာတွေ အိမ်ကိုကြွလာ၊ ဆွမ်းကပ်ပြီး ကျွန်-မလေး ကြုံတွေ့ခဲ့ရတဲ့ အနေအထားကို ဘုရားရှင် အားလျှောက်တယ်။ ဒါနဲ့ မြတ်စွာဘုရားက မိုးရေခံ သင်္ကန်းကို ၀တ်ရုံ သုံးစွဲ ခွင့်ပြုတယ်ဆိုပြီး ခွင့်ပြုခဲ့တယ်။ မိုးတွင်းကာလမှာ ရဟန်းတော်တွေ သင်္ကန်းသုံး ထည်အပြင် မိုးရေခံသင်္ကန်းကိုပါ ၀တ်ရုံ သုံးစွဲခွင့် ပြုတာကို အကြောင်းပြုပြီး ဒီနေ့ခေတ်မှာ ၀ါတွင်း(မိုးကာလ) မိမိတို့ကျောင်းမှာ သီတင်းသုံးတဲ့ ရဟန်းတွေကို ၀ါဆို သင်္ကန်းဆိုပြီး ကပ်လှူနေကြတာပါ။

နောက် story တစ်ခုမှာလည်း ၀ိသာခါ ကျောင်းအမကြီးက ဆုရှစ်မျိုး တောင်းတဲ့အခါ ရဟန်းတော်တွေကို ၀ဿာဝါသိက သာဋိက-၀ါဆို သင်္ကန်း လှူဒါန်းခွင့် ပေးဖို့ ပထမဦးဆုံး ဆုအနေနဲ့ တောင်းခဲ့တာကို ထောက်ဆပြီး ၀ါတွင်းကာလမှာ အရင်က ထက်ပိုလို့ စာသင်စာချ (ပရိယတ်) တရားထိုင် တရားပြ (ပဋိပတ်) လုပ်တဲ့ သံဃာတော် တွေကို ၀ါဆို သင်္ကန်းဆိုပြီး ထေရ ၀ါဒ ဗုဒ္ဓဘာသာဝင် တွေက လှူဒါန်း နေကြတာပါ။

ဒီလို လှူဒါန်း ရတဲ့အတွက် အကျိုးကျေးဇူး လေးကတော့ (reflection အနေနဲ့) လှူဒါန်းသူဟာ ရောက်ရာ ဘ၀တိုင်းမှာ အသားအရည် ၀ါဝင်းပြီး ကိုယ်ရောင် ကိုယ်ဝါ တွေထွက်မယ်၊ အသားအရည် နူးညံ့ ပျော့ပျောင်းမယ်၊ အသားအရည် စင်ကြယ် သန့်ရှင်းမယ်၊ စိတ်ထဲမှာ လိုချင်တာကို တောင့်တ လိုက်ရင် ကိုယ်တောင့်တ(ဖြစ်ချင်)တာတွေ ဖြစ်လာမယ်။ အ၀တ်အစား တွေမရှားပါးဘူး၊ လုံခြုံ ချမ်းမြေ.စွာ နေထိုင်ရမယ်။ ဧဟိဘိက္ခု ခေါ်ခံရမယ်၊ နောက်ဆုံး ဗုဒ္ဓဘာသာဝင်တွေရဲ့ ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်ပြီး ကျွတ်တမ်း ၀င်ရမယ် ဆိုတာတွေ ဖြစ်နိုင်ပါတယ်။

ယနေ့ ကမ္ဘာမှာ reflection ရဲ့သဘောတရား-နယူတန်ရဲ့ တတိယ နိယာမ ဖြစ်တဲ့ သက်ရောက်မှု. တိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိတယ်ဆိုတဲ့ သဘောတရားတွေကို ယုံကြည် လက်ခံနေကြပါပြီ။ ဗုဒ္ဓဘာသာ မှာတော့ ကံတရားရဲ့ အကျိုးဆက်လို့ လက်ခံကြတာပါ။

စဉ်းစားကြည့်ပါစို့….. ကိုယ်က အ၀တ်(သင်္ကန်း) ပေးတယ်, လှူတယ်၊ ရရှိသူက အဲဒီ ၀တ်သင်္ကန်းကို ၀တ်တယ်။ လေဒဏ် နေဒဏ် ကာကွယ်နိုင် သလို အရှက် အကြောက် ကိုလည်း ကာကွယ်ပြီး ဖြစ်တယ်။ ၀တ်သင့်တဲ့ အ၀တ်ကို ၀တ်ရသူရဲ့ အသားအရေဟာ အ၀တ်မ၀တ်ဘဲ နေရသူရဲ့ အသားအရေထက် ကြည်လင် နူးညံ့ ၀ါဝင်းတယ်။ ကောင်းပြီ၊ သူတစ်ဖက်သားကို အသားအရေ နူးညံ့ဝါ၀င်း အောင် လုပ်ပေးရင် ကိုယ့်မှာလည်း ဒီလို အကျိုးတရား ပြန်ရမှာ သေချာတာပေါ့။ အသက်ရှင်ရ သမျှအချိန် လေးမှာ အလုပ် ကောင်း ကံကောင်းတွေကို လုပ်နေရင် ကောင်းကံ တွေဆိုတာလည်း ရှိနေမှာပဲ။ စိတ်ထဲမှာ ပိုပြီး ရှိနေသင့် တာကတော့ စစ်မှန်တဲ့ ငြိမ်းအေးမှုကို ရှာဖွေခြင်းကသာ ကောင်းဆုံးသော လုပ်ရပ် ဖြစ်ပါလိမ့်မယ်။

ဤ လမြတ်ဝါဆို အချိန် ကာလတွင် သံဃာတော် အရှင်မြတ်များ အတွက် ၀ါဆိုသင်္ကန်း (ခေါ်) မိုးရေခံ သင်္ကန်းကို ဆပ်ကပ် လှူဒါန်းခွင့် ရခြင်းသည် အလွန် ထူးမြတ်လှသော ကာလ ဒါန ကုသိုလ် လည်း ဖြစ်ပါပေသည်။
အချိန်အခါနှင့် သင့်လျော် ညီညွတ်အောင် လှူဒါန်းရင် ကာလဒါန ဖြစ်ပါတယ်။
ကာလဒါန ၅-မျိုးမှာ-
(၁) ဧည့်သည် အာဂန္တုအား လှူဒါန်းခြင်း။
(၂) ခရီးသွား ပုဂ္ဂိုလ်များအား လှူဒါန်းခြင်း။
(၃) မကျန်းမာသော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(၄) ငတ်မွတ် ခေါင်းပါး သူများအား လှူဒါန်းခြင်း။
(၅) လုပ်ကိုင် ရရှိသော ကောက်ပဲသီးနှံ တို့မှ ဦးဦးဖျားဖျားကို သီလ ရှိသော ပုဂ္ဂိုလ်များအား လှူဒါန်းခြင်းတို့ ဖြစ်သည်။

ငါးခုမြောက် ဒါနမှာ တောင်သူ လယ်သမားတို့အား ရည်ရွယ်၍ ဟောထားသော်လည်း လယ်သမား မဟုတ်သော သူတို့မှာလည်း မိမိ ဆိုင်ရာ အလုပ်အကိုင်မှ ရရှိသော ပစ္စည်း ဦးဦးဖျားဖျားများကို လှူဒါန်းခြင်းသည်လည်း သဘောတူပင် ဖြစ်သည်။

ဤ ကာလဒါနကြောင့် လိုအပ်သော အချိန်ကာလ၀ယ် လိုအပ်သော ကောင်းကျိုး ချမ်းသာတို့ကို ရနိုင်သည်။ အိုမင်းရင့်ရော်ချိန်မှ မဟုတ်၊ သင့်လျော် လျောက်ပတ်ရာ ငယ်ရွယ်စဉ် အခါ၌ပင်လျှင် များစွာသော အကျိုးထူးကို ရရှိနိုင်ကြောင်း ဘုရားရှင်က ဟောတော် မူခဲ့သည်။

စင်စစ် ဤကာလဒါန ငါးမျိုးသည် ပစ္စပ္ပုန် မျက်မှောက် ဘ၀တွင်လည်း အကျိုးပေး၍ တမလွန် ဘ၀တွင်လည်း အကျိုးပေးသော ဒါနများ ဖြစ်သည်။ အလွန် တန်ဖိုး ရှိလှပေသည်။

With Metta
www.anantametta.org

"ပဋ္ဌာန်းမရွတ်မီ အဓိဋ္ဌာန်ပုံ သစ္စာပြုပုံ နှင့် ပဋ္ဌာန်း(၂၄)ပစ္စည်းမြန်မာပြန်"



                                                                        




မကြာခင်ရေးသားပြီး တင်တော့မည့် ပဋ္ဌာန်း(၂၄)ပစ္စည်း မြန်မာပြန်အတွက် ရှေးဦးစွာ ပဋ္ဌာန်းမရွတ်ဆိုမီ လုပ်ဆောင်ရမည့် လုပ်ငန်းလေးေ...တွအကြောင်းကို ရေးသားပြီးအသိပေးမှဖြစ်ပါမှာပါ။ဘာကြောင့်လဲလို့ဆိုတော့ ပဋ္ဌာန်းမရွတ်ဆိုမီ လုပ်ဆောင်ရမယ့်လုပ်ငန်းတွေအကြောင်းကိုသိထားမှ ရွတ်ဆိုတဲ့အခါ နေရာကျမှာဖြစ်ပါတယ်။မသိထားရင်တော့ နေရာကျစရာအကြောင်းမရှိပါ။နေရာကျကျ အစီစဉ်ကျကျရွတ်ဆိုပါမှ အကျိုးထူး အကျိုးမြတ်များကိုခံစားရမည်ဖြစ်ပါတယ်။ဒါကြောင့် ပဋ္ဌာန်းမရွတ်ဆိုမီ အဓိဋ္ဌာန်ပုံနှင့်သစ္စာဆိုရပုံလေးကို ရှေးဦးစွာရေးသားလိုက်ခြင်းဖြစ်ပါတယ်။


၁။ယနေ့မှစ၍ နေ့စဉ်မပြတ် တစ်လတိတိ ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဆိုပြီး မြတ်စွာဘုရားကို ပူဇော်ပါမည်ဟုအဓိဋ္ဌာန်ပြုရမှာဖြစ်ပါတယ်။


၂။တစ်လအဓိဋ္ဌာန် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ် ယခုအချိန်မှစ၍ ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်ကာ မြတ်စွာဘုရားအား ပူဇော်ပါတော့မည်ဟု အဓိဋ္ဌာန်ပြုရမည်ဖြစ်ပါတယ်။


၃။ယနေ့အဓိဋ္ဌာန် ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်ပူဇော်မည်ဖြစ်၍ တပည့်တော်၏ ကိုယ်စောင့်နတ်၊နေရာစောင့်နတ်၊အိမ်စောင့်နတ်၊ခြံစောင့်နတ်၊လမ်းစောင့်နတ်၊ရပ်ကွက်စောင့်နတ်၊မြို့စောင့်နတ် သာသနာတော်စောင့်နတ် စတဲ့ ဌာနအသီးသီးမှာ စောင့်ရှောက်ကြကုန်သော နတ်မြတ် နတ်ကောင်း နတ်အပေါင်းတို့အားလည်းကောင်း၊ဤနေရာ ဤဌာနမှာ ရှိကြကုန်သော ဥစ္စာစောင့် သိုက်နန်းရှင် စတဲ့မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်၊မကျွတ်မလွတ်ကြကုန်သော ပုဂ္ဂိုလ်တို့အားလည်းကောင်း၊ လောကကြီးကိုစောင့်ရှောက်ကြကုန်သော ဓတရဋ္ဌ၊ဝိရူဠက၊ဝိရူပက္ခ၊ကုဝေရဟူသော နတ်မင်းကြီးလေးပါးစသည့်ဖြင့် (ပင့်ဖိတ်သင့် ပင့်ဖိတ်ထိုက်သော)ပုဂ္ဂိုလ်များကို နာမည်တပ်၍ ပဋ္ဌာန်းတရားနာကြားဖို့လာရောက်နာကြားကြပါကုန်လော့ဟု ပင့်ဖိတ်ရမှာဖြစ်ပါတယ်။နေ့တိုင်း ရွတ်ဆိုမည်ဆိုပါက နေ့တိုင်းပင့်ဖိတ်အပ်ပါတယ်။တစ်လရွတ်ဆိုမည်ဆိုလျှင်တော့ နေ့တိုင်းပင့်ဖိတ်စရာမလိုပါ။တစ်လပြည့်တဲ့ထိ မပင့်ဖိတ်ပဲနေနိုင်ပြီး တစ်လပြည့်မြောက်ရင်တော့ ပင့်ဖိတ်ထားသူများကို မိမိတို့နေရာ ဌာနသို့ အသီးသီးပြန်ကြွရန်မေတ္တာရပ်ခံရမည်ဖြစ်ပါတယ်။ (နေ့တိုင်းရွတ်ဆိုရင် နေ့တိုင်းပင့်ဖိတ်ရမှာဖြစ်သလို နေ့တိုင်းပြန်ပို့ရမှာဖြစ်ပါတယ်။)


၎။ပဋ္ဌာန်းဒေသနာတော်များ ပစ္စယုဒ္ဒေသ၊ပစ္စယနိဒ္ဒေသ ပါဠိတော်နှင့် မြန်မာပြန်များကို ကောင်းမြတ်သော အချိန်ခါ ဖြစ်သည့်အတွက်(ဟေတုပစ္စယောမှစ၍ ရွတ်ဆိုပူဇော်ရမှာဖြစ်ပါတယ်။)ရွတ်ဆိုပူဇော်ပြီးသည်နှင့် အမျှပေးဝေရမှာဖြစ်ပါတယ်။


၅။(သစ္စာဆိုပုံ) ။ ။ ယခုအခါ တစ်လအဓိဋ္ဌာန် ရွတ်ဆိုပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ် ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပူဇော်၍(နေ့တိုင်းပူဇော်မည်ဆိုပါကလည်း)နေ့တိုင်း ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဖတ်၍ မြတ်စွာဘုရားရှင်အား ပူဇော်ပြီးပါပြီ။ ဤသစ္စာစကားကြောင့်လည်းကောင်း၊ဤပဋ္ဌာန်းဒေသနာတော်၏ တန်ခိုး ရှိန်စော် အာနုဘော်တို့ကြောင့်လည်းကောင်း၊ဤပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုရသော ကောင်းမှု၊နာကြားရသော ကောင်းမှုကုသိုလ်တို့၏ တန်ခိုးတော်ဇော်အာနုဘော်တို့ကြောင့်လည်းကောင်း၊ ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဆိုပြီးတိုင်း တပည့်တော်နှင့်ထပ်ထူထပ်မျှ ရစေဖို့ အမျှပေးဝေရတဲ့ကောင်းမှုကုသိုလ်၊ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုရတဲ့ကောင်းမှုကုသိုလ်တို့၏ တန်ခိုးတေဇော်အာနုဘော်တို့ကြောင့်လည်းကောင်း တပည့်တော်သည်(..................)ဖြစ်ရပါလို့၏ဟူ၍ လိုရာဆု တစ်ခုတည်းကိုတောင်းပါ။လိုရာဆုတစ်ခု မပြည့်မချင်း ဤတစ်မျိုးကိုသာ ဆက်၍ဆုတောင်းပါ။

၁။ဟေတုပစ္စယော=ဟိတ်ခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ညောင်ပင်မြစ်သည် ညောင်ပင်အား မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုရှိသော လောဘ၊ကြမ်းတမ်းသောခက်ထန်ခြင်း အမျက်ထွက်ခြင်းရှိသော ဒေါသ၊မကောင်းသော အယူဝါဒကို မစွန့်ဘဲ ငိုက်မြည်းတွေဝေခြင်းရှိသော မောဟ၊ လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုမရှိသော အလောဘ၊နူးညံ့စွာ ယဉ်ကျေးလိမ္မာ၍ ကြမ်းတမ်းခက်ထန်ခြင်း၊အမျက်ထွက်ခြင်း မရှိသော အဒေါသ၊ကောင်းသောအယူဝါဒကို လက်ကိုင်ထားပြီး ယုံမှားသံသယများဖြင့် ငိုက်မြည်းတွေဝေးခြင်း မရှိသော အမောဟတရားတို့သည် စိတ်၊စေတသိတ်တရားတို့အား အလိုသို့လိုက်၍ ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဟေတုပစ္စည်းတရားကိုဟောတော်မူသည်။


၂။အာရမ္မဏပစ္စယော=အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား
တောင်ဝှေးသည် မသန်မစွမ်းသူတို့အား အလိုရှိရာသို့ ရောက်စေ၍ အထောက်အကူပေးသကဲ့သို့ အဆင်း(ရူပါရုံ)၊အသံ(သဒ္ဓါရုံ)၊အနံ့(ဂန္ဓာရုံ)၊အရသာ(ရသာရုံ)၊အတွေ့အထိ(ဖောဋ္ဌဗ္ဗာရုံ)၊စိတ်ခံစားမှု(ဓမ္မာရုံ) ဟူသောအာရုံခြောက်ပါးတို့သည် ကုသိုလ်၊အကုသိုလ်တရားတို့ကို အကျိုးအကြောင်းများဖြင့် မိမိစိတ်ကို အထောက်အကူပြုပေးသကဲ့သို့ ကျေးဇူးပြုခြင်းငှာ အာရမ္မဏပစ္စည်း တရားကိုဟောတော်မူသည်။


၃။အဓိပတိပစ္စယော=အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရား
စကြဝတေးမင်းသည် ပြိုင်ရဲသူ၊ပြိုင်သူမရှိလောက်အောင် ဇွဲ၊လုံးလအပြည့်ဖြင့် အုပ်ချုပ်သကဲ့သို့ အလိုဆန္ဒအလွန်ပြင်းပြခြင်းဟူသော ဆန္ဓာဓိပတိ၊အားထုတ်ခြင်းလုံးလဟူသော ဝီရိယာဓိပတိ၊လွန်စွာညွတ်ခြင်း ကိုင်းရှိုင်းခြင်း စိတ်ဓာတ်ပြင်းထန်ခြင်းဟူသော စိတ္တာဓိပတိ၊အသိဥာဏ်ပညာဖြင့် အသင့်ဆင်ခြင်ခြင်းဟူသော ဝီမံသာဓိပတိဟူသော အဓိပတိ တရားများသည် အားကောင်းရာသို့လိုက်၍ ကျေးဇူးပြုခြင်းငှာ အဓိပတိပစ္စည်းတရားကိုဟောတော်မူသည်။


၎။အနန္တရပစ္စယော=အခြားမဲ့ တဆက်တည်း အကြားမရှိဖြစ်၍ ကျေးဇူးပြုတတ်သောတရား
စကြာဝတေးမင်း နတ်ရွာစံခြင်း(သေခြင်း)သည် အကြီးဆုံးသား ရတနာအား အလိုလို မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရုပ်ဝတ္ထုကို မြင်သည်နှင့် အသိစိတ်သည် အာရုံတွင် တဆက်တည်းဖြစ်ခြင်း၊နောက်နောက် စိတ်အစဉ်တွေ ဆက်တိုက်ဖြစ်ရန်အတွက် ရှေ့ရှေ့စိတ် အစဉ်တွေပျက်ပျက်ပေး၍ ကျေးဇူးပြုခြင်းငှာ အနန္တရပစ္စည်းတရားကိုဟောတော်မူသည်။


၅။သမနန္တရပစ္စယော=ကောင်းစွာ(အခြားမဲ့)တဆက်တည်း အကြားမရှိ အတားအဆီးမရှိ၍ ကျေးဇူးပြုတတ်သောတရား။
စကြာဝတေးမင်း တောထွက်၍ ရဟန်းပြုခြင်းသည် အကြီးဆုံးသော သားရတနာအား တဆက်တည်းအကြားမရှိကောင်းစွာ မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ မြင်စိတ် သိစိတ် ကောင်းလျှင်ကောင်းသည်ဟုဝန်ခံခြင်း၊မကောင်းလျှင် မကောင်းဟု ဝန်ခံခြင်းတို့သည် စိတ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင် အခြားမရှိ ဆက်၍ဖြစ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမနန္တရ ပစ္စည်းတရားကိုဟောတော်မူသည်။


၆။သဟဇာတပစ္စယော=တပြိုင်နက် အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ဆီမီးသည် ညှိထွန်းသည်နှင့်တပြိုင်နက် အလင်းရောင်နှင့်အတူတကွ ဖြစ်ပေါ်စေသကဲ့သို့ ခံစားမှုဝေဒနာ ဖြစ်သည်နှင့်တပြိုင်နက် မှတ်သားမှုသညာ၊ပြုပြခြင်းသင်္ခါရ၊အသိရှိမှု ဝိဥာဏ်ဟူသော နမ်ခန္ဓာလေးပါးတို့ကို တစ်ပေါင်းတည်းအတူတကွ ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သဟဇာတ ပစ္စည်းတရားကိုဟောတော်မူသည်။


၇။အညမညပစ္စယော=အချင်းချင်း အပြန်အလှန်မှီ၍ ကျေးဇူးပြုတတ်သောတရား
သစ်သားသုံးချောင်းသည် မလဲမပြိုရအောင် ခိုင်မြဲစွာ တစ်ချောင်းနှင့်တစ်ချောင်း အမှီပြုသကဲ့သို့သိမှု၊ခံစားမှုဟူသော ရုပ်တရား၊နာမ်တရားတို့သည်လည်း အချင်းချင်း အပြန်အလှန်ကျေးဇူးပြုခြင်းငှာ အညမညပစ္စည်းတရားကိုဟောတော်မူသည်။


၈။နိဿယပစ္စယော=မှီရာတည်ရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
နောက်ဖြစ်ပေါ်လာသော သစ်ပင်စသည်တို့ကို မှီ၍ ဖြစ်ထွန်းရန်အတွက် မြေကြီးသည် ပထမဆုံးအရင် ထောက်ပံ့ပေး၍ ရပ်တည်ရာဖြစ်စေသကဲ့သို့ ရုပ်တရားသည် အာဟာရကိုမှီ၍ ကျေးဇူးပြုခြင်းငှာ နိဿယပစ္စည်းတရားကိုဟောတော်မူသည်။
၉။ဥပနိဿယပစ္စယော=အားကြီးသော မှီရာအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
မိုးတွင်းအခါ ရွာသောမိုးကြီးသည် ထိုမိုးကို အမှီပြုကုန်သော သစ်ပင် သတ္တဝါ၊လယ်ယာမြေ၊တော၊တောင်အစရှိသည်တို့ အားကောင်းလာအောင် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊သဒ္ဓါတရားကို အခြေခံ၍ အမှီပြုကုန်သော ပုဂ္ဂိုလ်တို့သည် ဥပုသ်သီလစောင့်ထိန်းခြင်း၊သမထ၊ဝိပဿနာ၊ဘာဝနာများအားထုတ်ခြင်းကြောင့် မဂ်တရား၊ဖိုလ်တရားများနှင့် နိဗ္ဗာန်ရောက်အောင် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ကံ၊စိတ်၊ဥတု၊အာဟာရဟူသော အကြောင်းတရားတို့သည် အားကြီးသော မှီရာဖြစ်၍ ပုဂ္ဂိုလ်သတ္တဝါတို့အား ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဥပနိဿယပစ္စည်းတရားကိုဟောတော်မူသည်။


၁၀။ပုရေဇာတပစ္စယော=ရှေ့၌ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရား။
ကမ္ဘာဦး၌ ပထမဆုံး အရင်ဖြစ်နှင့်သော နေ၊လတို့သည် နောက်မှဖြစ်သည့် သတ္တဝါအပေါင်းတို့အား အလင်းရောင်ပေး၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊မိဘတိုင်းသည် သားသမီးများထက် အရင်ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေ့မှဖြစ်နှင့်သော လျှာသည် အရသာအား နောက်မှဖြစ်၍ ကျေးဇူးပြုခြင်းငှာ ပုရေဇာတပစ္စည်းတရားကိုဟောတော်မူသည်။


၁၁။ပစ္ဆာဇာတပစ္စယော=နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
သားကောင်း၊သမီးကောင်းများသည် ဥစ္စာပညာ ပြည့်စုံ၍ မိဘတို့အား နောက်မှပြန်၍ လုပ်ကျွေးစောင့်ရှောက်ခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊အရှင်ဗာကုလ ရဟန္တာမထေရ် အလောင်းတော်သည် မွေးပြီးစ နို့စို့အရွယ်တွင် သမုဒ္ဒရာအလယ်၌ ရေထဲသို့ ကျသွားရာ ရေနစ်၍ မသေခဲ့ပါ။ထို့သို့မသေခြင်းသည် နောင်အခါ ရဟန္တာဖြစ်မည့် သတ္တိက အရှင်ဗာကုလမထေရ်အား မသေစေရန် အကျိုးပြုသကဲ့သို့လည်းကောင်း၊ရုပ်တရားတွေ လန်းဆန်းတည်တံ့ နေအောင် စိတ်တရားများက ထက်သန်မှုအပြည့်ဖြင့် နောက်မှနေ၍ ကျေးဇူးပြုခြင်းငှာ ပစ္ဆာဇာတပစ္စည်းတရားကိုဟောတော်မူသည်။


၁၂။အာသေဝနပစ္စယော=အဖန်တလဲလဲ မှီဝဲအပ် ထုံမွှမ်းအပ်သည့်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
ရှေးရှေး၌ ပန်းပေါင်းစုံတို့ဖြင့် စီမံရောပြွမ်းထားသော နံ့သာအား အမွှေးနံ့ အလွန်တိုးပွား ခိုင်မြဲစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေးရှေးက သင်ယူတတ်မြောက်ထားခဲ့သည့် စာပေကျမ်းဂန်များသည် နောက်နောင်မှ သင်ယူရသည့် စာပေးကျမ်းဂန်တို့ကို လေ့လာမှတ်သားခြင်းငှာ ထောက်ပံ့ကာ အခြေခံအတွက် အားကောင်း၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေးရှေးက အဖန်ဖန်ပြုလုပ်ခဲ့သောကုသိုလ်၊ အကုသိုလ်တရားများသည် နောက်နောင်မှ ပြုလုပ်သည့် ကုသိုလ်၊အကုသိုလ်တရားများအတွက် ကောင်းကျိုး၊မကောင်းကျိုးတို့ကိုတိုးပွားစေ၍ ကျေးဇူးပြုခြင်းငှာ အာသေဝနပစ္စည်းတရားကိုဟောတော်မူသည်။


၁၃။ကမ္မပစ္စယော=ပြုလုပ်စီခြင်းဖြင့် ဗီဇမျိုးစေ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
သစ်ပင်အပေါင်းတို့သည် ကောင်းစွာပြုပြင် စီမံအပ်သော မျိုးစေ့၊အညွန့်၊အညှောက်၏ အမူအရာသို့လိုက်၍ ကောင်းမကောင်း ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ကောင်းသောအမှုကိစ္စကို ပြုလုပ်ဆောင်ရွတ်သူအား ထိုအတိုင်းပင် ကောင်းကျိုးချမ်းသာများကို ရရှိခံစားပြီး မကောင်းသော အမှုကိစ္စကို ပြုလုပ်ဆောင်ရွတ်သူအား မကောင်းသော ဒုက္ခ၏ဆိုးကျိုးများကို ရရှိခံစားရမှာ ဖြစ်စေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ကမ္မပစ္စည်းတရားကိုဟောတော်မူသည်။


၁၄။ဝိပါကပစ္စယော=အကျိုးရလာဒ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
တိုက်ခတ်လာသော လေပြေ၊လေညှင်း၊လေနုအေးသည် သစ်ပင်ကြီးများ၏ အရိပ်အောက်၌ နေသောသူအား ကိုယ်ရောစိတ်ပါ ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ကုသိုလ်ကံတရားကြောင့် ကုသိုလ်၏ အကျိုးကို ဖြစ်စေတတ်သော လူဘုံ၊နတ်ဘုံတို့၌ ခံစားရမည့် အကုသိုလ်ကံတရားကြောင့် အကုသိုလ်၏အကျိုးကို ဖြစ်စေတတ်သော ငရဲဘုံ၊တိရိစ္ဆာန်ဘုံတို့၌ ခံစားစေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ဝိပါကပစ္စည်းတရားကိုဟောတော်မူသည်။


၁၅။အာဟာရပစ္စယော=ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
ထောက်ကန်ထားသော အကူ ဒေါက်တိုင်သစ်သားသည် အိမ်အို၊အိမ်ဟောင်းအား လေဒဏ်၊မိုးဒဏ်ကြောင့် မလဲမပြိုစေရန် မြဲမြဲခိုင်ခံ့စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ထို့အတူပင် ဆုံးဆယ့်တစ်ဘုံ၌ ရှိသော သတ္တဝါအားလုံးမှာ အသက်ဆက်၍ ရှင်သန်နိုင်ရန် အတွက် ရုပ်အာဟာရ၊နာမ်အာဟာရ နှစ်ပါးက ပံ့ပိုးထောက်ကူပေးခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ အာဟာရပစ္စည်းတရားကို ဟောတော်မူသည်။


၁၆။ဣန္ဒြိယပစ္စယော=အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
တိုင်းပြည်တစ်ပြည်အတွင်း၌ အသီးသီး ဆိုင်ရာကိစ္စ တာဝန်များကို ပေးအပ်ခြင်းခံရသော မင်း၊မှူးမတ်တို့သည် မိမိ၏တာဝန်များကို အသီးသီးခွဲဝေ၍ ပိုင်ပိုင်နိုင်နိုင် ဆောင်ရွတ်သကဲ့သို့ ဣနြေ္ဒ(၂၂)ပါးရှိရာတွင် စက္ခုနြေ္ဒဟူသော မြင်သိစိတ်သည် မြင်သိစိတ်အားသာ၊သောတိနြေ္ဒဟူသော ကြားသိစိတ်သည် ကြားသိစိတ် အားသာ အစိုးရခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဣန္ဒြိယပစ္စည်းတရားကိုဟောတော်မူသည်။
၁၇။ဈာနပစ္စယော=ကပ်၍စူးစူးစိုက်စိုက် ရှု့တတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
တောင်ထိပ်ဖျား၊သစ်ပင်ဖျားသို့တက်၍ ကြည့်သော သူသည် အနီးအဝေး အရပ်မျက်နှာတို့ကို ထင်ရှားတပ်အပ်မြင်ခြင်း၊ထိုမြင်ခြင်း၌ အလိုရှိသောသူအား ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ဈာန်ငါးပါး၊ကုသိုလ်ဈာန်စသည်တို့ကို စူးစူးစိုက်စိုက် အာရုံပြုလျှင် အမြင်မှန်တရားများရကာ နောက်ဆုံး နိဗ္ဗာန်ရောက်သည်အထိ အကျိုးပြုသကဲ့သို့လည်းကောင်း၊အဖန်ဖန်သုံးသပ်ခြင်းစသော တရားတို့သည် အတူဖြစ်ဖက် စိတ်တရား၊ရုပ်တရားတို့အား ထင်ရှားစွာ အောင်မြင်မှုကို ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဈာနပစ္စည်းတရားကိုဟောတော်မူသည်။


၁၈။မဂ္ဂပစ္စယော=ကျွတ်လွတ်ထွက်မြောက်သော နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ဤမှာဖက်ကမ်းစပ်မှ ဟိုမှာကမ်းစပ်သို့ ကူးပြောင်းသွားသော ဖောင်၊ကူတို့သမားသည် ဤမှာဘက်ကမ်းစပ်မှ လွတ်မြောက်သွားသကဲ့သို့လည်းကောင်း၊သမ္မာဒိဋ္ဌိ(ကောင်းစွာသိမြင်ခြင်း)။သမ္မာသင်္ကပ္ပ(ကောင်းစွာကြံခြင်း)၊
သမ္မာဝါစာ(ကောင်းစွာပြောဆိုခြင်း)၊သမ္မာကမ္မန္တ(ကောင်းစွာလုပ်ဆောင်ခြင်း)၊သမ္မာအာဇီဝ(ကောင်းစွာအသက်
မွေးခြင်း)သမ္မဝါယမ(ကောင်းစွာအားထုတ်ခြင်း)၊သမ္မာသတိ(ကောင်းစွာအောက်မေ့သတိရှိခြင်း)၊သမ္မာသမာဓိ
(ကောင်းစွာတည်ကြည်ခြင်း)ဟူသော ကုသိုလ်မဂ္ဂင်တရား(၈)ပါးတို့သည်ကောင်းသည့် အရာဝတ္ထုမှန်သမျှကို သယ်ယူပို့ဆောင် ခေါ်ငင်သည်၏ အဖြစ်ကြောင့် ကုသိုလ်တရားများဖြစ်ပွားပြီး သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းဖြစ်သော ဟိုမှာဘက်ကမ်းရှိချမ်းသာစစ် ချမ်းသာမှန် လှမ်းရောက်နိုင်သကဲ့သို့ ကျေးဇူးပြုခြင်းငှာ မဂ္ဂပစ္စည်းတရားကိုဟောတော်မူသည်။


၁၉။သမ္ပယုတ္တပစ္စယော=အတူတကွယှဉ်ပြီး ရောစပ်နေသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
နှင်းဆီ၊ထောပတ်၊ပျားရည်၊သကာရည်၊(နို့ရည်)ဟူသော စတုမဓူသည် အရသာလေးမျိုးကို တစ်ခုစီခွဲခြား၍ မရအောင် ရောစပ်ခြင်းဖြင့် စိတ်၊ဖဿ၊ဝေဒနာ၊သညာဟူသော ခံစားမှု၊မှတ်သားမှုစသော နာမ်တရားများသည် အာရုံတစ်ခုကို ခံစားလျှင် အတူတူယှဉ်ပြီး တစ်ပြိုင်နက်တည်းဖြစ်ကြကာ တစ်ခုစီခွဲခြား၍ မရနိုင်အောင် ရောနှောပေါင်းစပ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမ္ပယုတ္တပစ္စည်းတရားကို ဟောတော်မူသည်။


၂၀။ဝိပယုတ္တပစ္စယော=အတူတကွ မရောစပ် မယှဉ်စပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
ချို၊ချဉ်၊စပ်၊ဖန်၊ခါးဟူသော ခြောက်ပါးသော အရသာသည် ရောထားသော်လည်း အချင်းချင်း မနှီးမနှော မရောမပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊နေမင်းသည် သမုဒ္ဒရာနှင့်မရောမစပ်သော်လည်း မိုးရွာခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊နှလုံးအိမ်ဟူသော ရုပ်တရားတို့သည် နာမ်တရားများနှင့် မရောစပ်ဘဲ တစ်မျိုးစီသာ အာရုံပြုခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဝိပ္ပယုတ္တပစ္စည်းတရားကိုဟောတော်မူသည်။


၂၁။အတ္ထိပစ္စယော=ပစ္စုပ္ပန်၌ ထင်ရှားစွာရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
မြင်းမိုရ်တောင်မင်းသည် မိမိထင်ရှားရှိခိုက် မိမိကို အမှီပြုနေသော မြက်၊သစ်ပင်စသည်တို့အား ပြန့်ပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊အစားအသောက်အာဟာရတွေ ဗိုက်ပြည့်ဝအောင်သုံးဆောင်ခြင်းသည် လောလောလတ်လတ် ထင်ရှားရှိဆဲ ခန္ဓာကိုယ်ကိုတည်တံ့တိုးပွားအောင် အကျိုးပြုစေသကဲ့သို့ မြေ၊ရေ၊မီး၊လေ ဟူသောမဟာဘုတ်တရားတို့သည် ထိုတရားကို ချယ်လှယ်သော ရုပ်တရားတို့အား ထင်ရှားရှိခိုက် ကျေးဇူးပြုခြင်းငှာ အတ္ထိပစ္စည်းတရားကိုဟောတော်မူသည်။


၂၂။နတ္ထိပစ္စယော=မရှိသည်ဖြစ်၍ မရှိမှ ကျေးဇူးပြုတတ်သောတရား။
ဆီမီးငြိမ်းသွားခြင်းသည် အမိုက်အမှောင်ကို ရခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ညအခါကုန်လွန်သွားခြင်းသည် နေ့အခါ ရောက်ဖို့ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေးရှေးစိတ်တို့ချုပ်ငြိမ်း၍ မရှိခြင်းသည် နောက်နောက်စိတ်ဖြစ်ဖို့ရန်အတွက် မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုခြင်းငှာ နတ္ထိပစ္စည်းတရားကိုဟောတော်မူသည်။


၂၃။ဝိဂတပစ္စယော=ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
နေမင်းအရောင် ကွယ်ပျောက်သွားခြင်းသည် လမင်း၏ အရောင်ကို ထွန်းလင်းစေသကဲ့သို့ လောဘ၊ဒေါသ၊မောဟ၊တရားများ ကင်းပျောက်သွားလျှင် အမှားနှင့်အမှန်ကိုခွဲခြားသိစေခြင်းဖြင့်ကျေးဇူးပြုခြင်းငှာ ဝိဂတပစ္စည်းတရားကိုဟောတော်မူသည်။


၂၄။အဝိဂတပစ္စယော=မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
မဟာသမုဒ္ဒရာရေသည် မိမိကိုမှီကုန်သောငါး၊လိပ်တို့နှင့်မကင်း၊မကွာခင် ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့အာဟာရသည် ဥပါဒ်၊ဌီ၊ဘင်ဟူသော လက္ခဏာငယ်သုံးချက်ချုပ်ပျောက်ခါနီးထိ အသက်ရှင်စဉ် ကာလ၌ သာ ကျေးဇူးပြုခြင်းငှာ အဝိဂတပစ္စည်းတရားကိုဟောတော်မူသည်။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
ကိုးကား။ ။ဒေါက်တာအရှင်ကောဝိဒစာရ(ပဋ္ဌာန်းစာအုပ်)မှ ကောက်နှုတ်ရေးသားခြင်းဖြစ်ပါသည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)