ပါရမီၒျဖဲꩻ့ဖက္ကရိုꩻနဝ္ꩻ
ကျောင်ꩻကံၒျခီြလီꩻ
အဝ္ၒညီꩻဝင္ꩻတလိုၒတဝ္း
အဝ္ၒလိုၒဒ်ာၒ တျဖာꩻတြမ္ၒတျဖာꩻ
ေနၒတြမ္ၒ စဲစ္မဲဥ္ၒေမတၱာၒ
ေသနာၒလို့ဝင္ꩻသြဴ
Jan 12, 2019
ပါရမီၒထာꩻရက္
ပာရမီအချစ်နဲ့ ချစ်တတ်ရင်
ပါရမီအချစ်နဲ့ချစ်တတ်ရင်
*******************
အနာဂါမ်မဖြစ်သရွေ့တော့ အချစ်ဆိုတာကင်းပါ့မလား... မကင်းဘူးနော်။ အချစ်နဲ့ မကင်းသရွေ့တော့ အချစ်နဲ့ ပက်သက်တဲ့ ပူလောင်ခြင်း၊ ပျော်ရွှင်ခြင်းတွေဆိုတာ ရှိနေအုံးမှာပဲ ... အချစ်မှာ (၃) မျိုး ရှိပါတယ်။
(၁) ချစ်သူအချစ် (တဏှာပေမ)
(၂) မိသားစု အချစ် (ဂေဟသိတပေမ)
(၃) ပါရမီ အချစ် (မေတ္တာပေမ)
အချစ်ဆိုပြီး (၃) မျိုးရှိတယ်နော်။
ပါဠိလို မှတ်ရတာခက်တယ် ဆိုရင်တော့ မြန်မာလိုလေးသာ မှတ်လိုက်ပါနော်။
တဏှာအချစ်ဆိုတာ ချစ်သူအချင်းချင်း ဇနီးမောင်နှံအချင်းချင်း တဏှာရာဂကို အချစ်ခံပြီးမှ ချစ်တဲ့အချစ်မျိုးကို ခေါ်တယ်။ ဒီအချစ်ကတော့ မရှင်းဘူးလား ။ ရှင်းမှာပါနော် ။တဏှာပေမကို အလင်္ကာကျမ်းမှာ သိင်္ဂါရ ရသ လို့ ခေါ်တယ်။
ဒုတိယအချစ်က ဂေဟသိတပေမ ဆိုတဲ့ မိသားစုအချစ် ... မိသားစုအချစ်ဆိုတာ ကိုယ့်မိသားစု အချင်းချင်း၊ ဆွေမျိုးအသိုင်းအ၀ိုင်းချင်း ချစ်တဲ့ အချစ်ကို ခေါ်တာ။ အလင်္ကာကျမ်းမှာတော့ မိသားစုအချစ်ကို ၀စ္ဆလ လို့ ခေါ်တယ်။
နောက်ဆုံးအချစ်က ဘာအချစ်တုန်း။ပါရမီ အချစ်။ ပါရမီအချစ် ဆိုတာ သူကုသိုလ်ဖြစ်အောင်လဲ ကိုယ်က ဖန်တီးပေးတယ်။ ကိုယ် ကုသိုလ် ဖြစ်အောင်လဲ သူက ဖန်တီးပေးတယ်။ အဲလို သူတစ်ပါးအကျိုးကို လိုလားစွာနဲ့ ကုသိုလ်ဖြစ်အောင် အပြန်အလှန် ဖန်တီးပေးတဲ့ အချစ်ကို ခေါ်တာနော်။ ဒီလိုပါပဲ ကိုယ့်ခင်ပွန်းအတွက်၊ ကိုယ့်ဇနီးအတွက် ကုသိုလ်ကောင်းမှုလေး တွေ ပြုပေးတဲ့ အချစ်ကို ခေါ်တာနော်။ လင်္ကာကျမ်းတွေမှာတော့ ဗြဟ္မ၀ိဟာရလို့ ခေါ်တယ်။ အတိတ်ဘ၀ ရေစက်တွေကြောင့် ဒီဘ၀မှာ လာဆုံကြပေမယ့် ချစ်သူအချစ်၊ မိသားစုအချစ် လောက်နဲ့တင် တစ်ဘ၀တစ်ကဏ္ဍပြိးသွားရင် ချစ်ရတာ တန်ပါ့မလား။ အဲဒီတော့ တွေ့ဆုံကြုံခိုက်မှာ ချစ်သူအချစ်၊ မိသားစု အချစ်ထက် တစ်ဆင့်တက်ပြီး ပါရမီ အချစ်နဲ့ ချစ်နိုင်ဖို့ ကြိုးစားကြပါ။
တကယ်ချစ်တတ်ရင် နိဗ္ဗာန်ထိရောက်ပါတယ်။
ဆရာတော် ရဝေနွယ် (အင်းမ)
ပါရမီအချစ်နဲ့ချစ်ပါ့မယ် တရားတော်မှ
သဗ္ဗမင်္ဂလာဂာထာ
☸သဗ္ဗမင်္ဂလာဂါထာပါဠိတော်☸
❀ ❆ ♕ ❀ ❆ ♕ ❀ ❆ ♕ ❀ ❆ ♕ ❀
(၁) ဒိဝါ တပတိ အာဒိစ္စော ၊
ရတ္တိမာ ဘာတိ စန္ဒိမာ ။
သန္နဒ္ဓေါ ခတ္တိယော တပတိ
ဈာယီ တပတိ ဗြဟ္မဏော ။
အထ သဗ္ဗ မဟောရတ္တိံ
ဗုဒ္ဓေါ တပတိ တေဇသာ ။
(၂) တာဒိသံ တေဇသမ္ပန္နံ ၊
ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ ။
နမက္ကာရာ နုဘာဝေန ၊
သဗ္ဗေ ပူရေ န္တု သင်္ကပ္ပါ ။ ။
❆ ❦ ❆ ❦ ❆ ❦ ❆ ❦ ❆ ❦ ❆ ❦ ❆
☸[ဂါထာတော် မြန်မာပြန် အနက်]
************************
☸(၁)နေမင်းသည် နေ့အခါ၌သာ
တောက်ပ၏။
လမင်းသည် ညဥ့်အခါ၌သာ တောက်ပ၏။
☸ရှင်ဘုရင်သည်
မင်းမြှောက်တန်ဆာငါးပါး
ဆင်ယင်ထားမှသာ တောက်ပ၏ ။
☸ရဟန္တာသည် ဈာန်ဝင်စားနေမှသာ
တောက်ပ၏ ။
☸မြတ်စွာဘုရားရှင်သည်ကား နေ့ရောညပါ
အခါခပ်သိမ်း တန်ခိုးတော် အမျိုးမျိုးဖြင့်
အချိန်တိုင်း တောက်ပ၏ ။
☸(၂)ထိုသို့နေရော ညဥ့်ပါ ဘယ်ခါမလပ် တန်ခိုးရှိန်စော်အာနုဘော်တော်တို့ဖြင့်ထွန်းလင်းတောက်ပတော်မူသောဘုရားရှင်အား
ဘုရားတပည့်တော်သည်
ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ မြတ်စွာဘုရား။
☸ဤသိုရှိခိုးပူဇော်ရသော
အကျိုးအားကြောင့်
အလုံးစုံကုန်သော လောကီစီးပွါး အထွေထွေစည်းစိမ် ဥစ္စာရတနာအထွေတို့နှင့်
လျှင်လျှင်မြန်မြန
် ပြည့်စုံနိုင်ရပါစေသား အရှင်မြတ်ဘုရား။
*******************************
☸ရွတ်ဆိုလိုပြီး ပါဠိအသံကို ပီပြင်အောင် မရွတ်ဖတ်တတ်သော သူများအတွက် ရည်ရွယ်ပါသည် ဖတ်တတ်သူများက ကျော်သွားပေးပါ
☸မြန်မာအသံထွက်
***************
(၁) ဒိဝါ တပတိ အာဒိတ်စော
ရတ်တိမာ ဘာတိ စန်ဒိမာ
သန်နတ်ဒေါ ခတ်တိယော တပတိ
ဈာယီ တပတိ ဗြင်မဏော
အထ သပ်ဗ မဟော ရတ်တိန်
ဗုဒ်ဓေါ တပတိ တေဇသာ
(၂) တာဒိသံ တေဇသံပန်နံ
ဗုတ်ဓံ ဝန်ဒါမိ အာဒရံ
နမက်ကာရာ နုဘာဝေန
သပ်ဗေ ပူရင်တု သင်ကပ်ပါ။
☸(ရကောက် အသံရွတ်လျှင် အင်္ဂလိပ်အသံထွက် ® လိုလျှာလိပ်သံဖြင့်ထွက်ပါ
ယပလက်အသံ ယတ်ဟု မထွက်ပဲ ရတ် ဟုပီပြင်အောင်ထွက်နိုင်ရန်ကြိုးစားပါ
ယံ အသံ မထွက်ပဲ ရံ ဟု ပီးပြင်အောင်ကြိုးစားပါလေ)
☸ဘုရားရှင် ဟောကြားတော်မူခြင်း **************************
☸မြတ်စွာဘုရား သာဝတ္ထိပြည်
ပုပ္ပာရုံကျောင်း
မိဂါရမာတုပြဿဒ်၌သီတင်းသုံးတော်မူစဉ်
အရှင်အာနန္ဒာ၏ လျှောက်ထားမူကို အကြောင်းပြု၍
ဘုရားရှင်က ဤဂါထာကို ဟောကြားတော်မူပါသည်။
☸အရှင်အာနန္ဒာသည် သီတင်းကျွတ် လပြည့်နေ့ဆည်းဆာအချိန်တွင်
အနောက်ဂေါယာကျွန်း ယွန်းမည့်ဆဲဆဲ နေအရောင်၏ တင့်တယ်မှု
အရှေ့လောကဓာတ်မှ ထွက်ပြူစ
လမင်း၏ တင့်တယ်မှုတို့ကို
တွေ့မြင်နှစ်သက်ပီတိဖြစ်တော်မူသည်။
☸ထိုသို့ အာရုံခံစားမူ ဖြစ်နေစဉ်၌
စစ်အင်္ဂါလေးပါး ခြံရံကာ
မင်းမြှောက်တန်ဆာ ဝတ်ဆင်လာပြီး
ပန်းနံ့သာစွဲကိုင်လျှက်
ဘုရားရှင်ထံ ရှေးရှု့လာနေသော
ပသေနဒီကောသလ မင်းကြီး၏ တင့်တယ်မှုကို မြင်ရ၍လည်း နှစ်သက်ပီတိဖြစ်ရပြန်သည် ။
☸ထို့ပြင် အရှင်အာနန္ဒာသည်
ကာဠုဒါယီ ရဟန္တာမထေရ်
ဈာန်ဝင်စားသဖြင့် ကိုယ်တော်မှ အရောင်အဆင်းများ တောက်ပထွန်းပေါ်နေသည်ကို မြင်ရသဖြင့် ..
နှစ်သက်ပီတိ ဖြစ်တော်မူပြန်လေသည်။
☸ထို့နောက် ဘုရားရှင်၏ အရောင်အဆင်း
ထွန်းလင်းတောက်ပခြင်းမှာ အထက်ပါ
နေမင်း' လမင်း' ရှင်ဘုရင်' ရဟန္တာ'တို့ထက်
သာလွန် လွှမ်းမိုး ထူးကဲကြောင်း တွေ့ရသဖြင့် ဘုရားရှင်အားလျှောက်ထားရာ...
☸ဘုရားရှင်က
ဒိဝါတပတိ အစချီသော ဤဂါထာတော်ကို
ဟောကြားတော်မူလေသည် ။
☸(၂)ဂါထာတော်မှာ နှောင်းပညာရှိသူတော်ကောင်းသူမြတ်လောင်းတို့မှ ရွတ်ဖတ်ပူဇော်သူ အမျိုးကောင်းသား အမျိုးကောင်းသမီး သူတော်ကောင်းတို့ အကျိုးပေးထက်သန်စေရန်ရည်သန်လျှက်
ရှိခိုးဆုတောင်းဂါထာကို ထည့်သွင်းလျှက်ရွတ်ဖတ်ပူဇော်စေရာ မှ ဒုတိယ(၂)ဂါထာထာ ပါဝင်လာခြင်းဖြစ်ပေသည်။
(ဓမ္မပဒ)
Jan 7, 2019
စိတ်ဝင်စား အံ့သြဖွယ် ကောင်းသော ဗုဒ္ဓဝင် နတ်ပြည် အကြောင်း
နတ် ဟူသည် မြန်မာစကား “နာထ” ဟူသော ပါဠိ မှ ဆင်းသက် လာသည် ဟု ဝေါဟာရ “ လိနတ္တ ဒီပနီ ” ကျမ်း က ဖွင့်ဆို ထားသည်။ နတ် ကို ပါဠိ ဘာသာ အားဖြင့် “ဒေဝ” ဟူ၍ ၎င်း၊ “ဒေဝတာ”ဟု၍ ၎င်း ခေါ်ဝေါ် သုံးစွဲ ခဲ့သည်။
•• နတ်ပြည် ခြောက်ထပ် ••
၁ - စတုမဟာရာဇ်
၂ - တာဝတိံသာ
၃ - ယာမာ
၎ - တုသိတာ
၅ - နိမ္မာနရတိ
၆ - ပရနိမ္မိတ၀သ၀တ္တီ
စတုမဟာရာဇ် သည် အောက်ဆုံး ဖြစ်၍ ပရနိမ္မိတ၀သ၀တ္တီ သည် အပေါ်ဆုံး ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~
•• နတ် စုတေ သေဆုံးခြင်း အကြောင်း ( ၄ ) ပါး ••
၁ - အာယုက္ခယ = သက်တမ်းကုန် ၍ သေခြင်း၊
၂ - ပုညက္ခယ = ကုသိုလ်ကောင်းမှု ကုန်၍ သေခြင်း၊
ကုသိုလ်ကောင်းမှု အနည်းငယ်မျှဖြင့် နတ်ပြည်တွင်လာဖြစ်သော နတ်သား တို့သည် ကုသိုလ်ကောင်းမှု ကုန်သော အခါ အစွမ်းသတ္တိ မရှိတော့ဘဲ သက်တမ်း မစေ့ခင် စုတေ ရသည် ။
၃ - အာဟာရက္ခယ = စားနေကျ သောက်နေကျ အချိန် မစားသောက် မိ၍ သေခြင်း၊
နတ်သားတစ်ပါး သည် ကာမဂုဏ် ခံစားနေ၍ စားချိန် ကို သတိမရပဲ တစ်နပ်စာမျှ မစားဘဲ နေလိုက်လျှင် နောက် ဘယ်နှစ်ကြိမ်စား စား အသက်မရှည် နိုင်ပေ ။
၎ - ကောဓာဘိဘ၀န = ဒေါသထွက် ၍ သေခြင်း၊
နတ်သားများ သည် နတ်သမီးများ နှင့် ပျော်ပါး နေသော အခါ တခြား နတ်များ က လာရောက် ဖက် ပြိုင်တာမျိုး ရှိတတ်သည်။ ထိုအခါ ဖက်ပြိုင် လာသော နတ်ကို ဒေါသ ထွက်တတ် သည် ။
ဒေါသ ထွက်သော နတ် ၏ ကိုယ်ခန္ဓာသည် မီးလောင်သကဲ့ သို့ ပူပြီး စုတေရသည်။ ဖက်ပြိုင်သော နတ် ကလည်း ဒေါသ ထွက်လျှင် စုတေ ရသည်။ ထို့ကြောင့် မိမိ ကို ဒေါသထွက်မှန်း သိသည် နှင့် ဒေါသ မထွက်ခင် တခြား နေရာသို့ ရှောင်သွား ရသည်။ သို့မှ သာ အသက် ချမ်းသာရာ ရ၏
~~~~~~~~~~~~~~~~~~~~~~~~
•• ပုဗ္ဗ နိမိတ် ( ၅ ) ပါး ••
နတ်သား၊ နတ်သမီး တစ်ပါးပါး သက်တမ်းကုန် ၍ စုတေတော့မည် ဆိုလျှင် လူတို့ ၏ အရေအတွက် ( ၇ ) ရက်မြောက် တွင် ပုဗ္ဗ နိမိတ် ( ၅ ) ပါး ထင်လာသည်။
၁ - ပဋိသန္ဓေ အခါက ပန်ဆင်ခဲ့သော ပန်းများ ညှိုးနွမ်း ကုန်ခြင်း
၂ - နတ် အ၀တ် ပုဆိုးများ ညှိုးနွမ်း ကုန်ခြင်း
၃ - ကိုယ်ခန္ဓာ ၏ လက်ကတီး ကြားမှ ချွေးများ ယိုထွက် လာခြင်း
၎ - ကိုယ်ရောင်ကိုယ်ဝါ မှေးမိှန် လာခြင်း
၅ - နတ်များ ၏ နေရာတွင် တည်တည်တံ့တံ့ မနေနိုင် မထိုင်နိုင် ဖြစ်လာခြင်း
ပုဗ္ဗ နိမိတ် ( ၅ )ပါး ထင်လာသည် ကို နတ်တိုင်း မသိကြပေ။ ပညာရှိသော နတ်များက သာ သိကြ သည်။ ပုဗ္ဗ နိမိတ် ( ၅ ) ပါး ထင်လာ ပြီးလျှင် နတ်သက် ကြွေကြသည်။
~~~~~~~~~~~~~~~~~~~~~~~~~
•• နတ်ပြည် ၌ မရကောင်းသော ကမ္မဋ္ဌ္မာန်း ( ၁၂ ) ပါး ••
အသုဘ ၁ဝ-ပါး ၊ ကာယဂတာသတိ ၊ အာဟာရေ ပဋိကူလသညာ တို့ ဖြစ်၏။ နတ်ပြည် ၌ အာရုံ ငါးပါး ကာမဂုဏ် တရားတို့ လွှမ်းမိုးထား ရကား ထို ကမ္မဋ္ဌာန်းများ ကို အားထုတ် ၍ မရနိုင်ပေ။
~~~~~~~~~~~~~~~~~~~~~~~~~
•• နတ်ြဖစ်ခြင်း အကြောင်း ( ၃ ) ပါး ••
နတ်ပြည် ရောက်လို သူများ ကျင့်ကြံရန် တရား သုံးပါး
၁ - သစ္စံ ဘဏေ - အမှန်ကိုသာ ဆိုပြောရာ ၏၊
၂ - နကုဇ္ဈေယျ - အမျက်မထွက် စိတ်မဆိုး ရ
၃ - အပ္ပမ္ပိ ဒဇ္ဇာ - တောင်းခံလာ က နည်းနည်းပင် ဖြစ်စေ ပေးလှူရာ ၏
~~~~~~~~~~~~~~~~~~~~~~~~~
•• စတုမဟာရာဇ် ဘုံ ••
ဓတရဋ္ဌ ၊ ၀ိရူဠက ၊ ၀ိရူပက္ခ ၊ ကုဝေရ ဟူသော နတ်မင်းကြီး လေးပါး ကို ပါဠိ လို `စတု မဟာရာဇ´ ဟု ခေါ်၏။ ( စတု = လေးယောက်သော + မဟာရာဇ = နတ်မင်းကြီး )
ထို နတ်မင်းကြီး လေးပါး ကို ဆည်းကပ် ခစား ရသည့် လက်အောက်ခံ နတ် တို့မှာ `စတု မဟာရာဇိက´ဟု ခေါ်သည်။ နတ်မင်းကြီး လေးပါး နှင့် စတု မဟာရာဇိက နတ်တို့ ၏ နေရာဘုံ ကို ပါဠိ လို စာတု မဟာရာဇိကာ မြန်မာ လို စာတု မဟာရာဇ် ဘုံ ( သို့မဟုတ် ) စာတု မဟာရာဇ် နတ်ပြည် ဟု ခေါ်ဆို သည်။
ဤဘုံ ၌ - သကြားမင်း ကိုယ်စား
ဓတရဋ္ဌ နတ်မင်း
ဝိရူဠက နတ်မင်း
ဝိရူပက္ခ နတ်မင်း
ကုဝေရ နတ်မင်း ........ ဟူ၍ နတ်မင်းကြီး လေးပါး အုပ်စိုး သည်
• ဓတရဋ္ဌ နတ်မင်း •
ငွေရောင် တောက်ပသော မြင့်မိုရ်တောင် ၏ အလယ်ခုလတ် အရှေ့ဘက်နံပါး ၌ တည်လျက်
ဂန္ဓဗ္ဗနတ် ( မွှေးကြိုင်သော နံ့သာပင် ၌ ပဋိသန္ဓေ နေကြသော နတ်များ ) အပေါင်း တို့ကို အုပ်ချုပ် ၍ မင်းလုပ်သည်။
• ၀ိရူဠက နတ်မင်း •
မြရောင် တောက်ပသော မြင့်မိုရ်တောင် ၏ တောင်ဘက်နံပါး ၌ တည်လျက် ကုမ္ဘာန ( ကြီးမားသော ၀မ်းဗိုက် နှင့် ဝှေးစေ့ ၊ ပြူးကျယ် နီမြန်းသော မျက်စိ ရှိကြသော ဒါန၀ရက္ခိုသ် ) အပေါင်း တို့ကို အုပ်ချုပ် ၍ မင်းလုပ်သည်။
• ၀ိရူပက္ခ နတ်မင်း •
ဖန်ရောင် တောက်ပသော မြင့်မိုရ်တောင် ၏ နောက်ဘက်နံပါး ၌ တည်လျက် နတ် နဂါး အပေါင်း တို့ကို အုပ်ချုပ် ၍ မင်းလုပ် သည်။
• ကုဝေရ နတ်မင်း •
ရွှေရောင် တောက်ပသော မြင့်မိုရ်တောင် ၏ မြောက်ဘက် နံပါး ၌ တည်လျက် နတ်ဘီလူး အပေါင်း တို့ကို အုပ်ချုပ် ၍ မင်းလုပ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~
•• စတုမဟာရာဇ် နတ်ပြည် ••
လူ့ဘုံ ရဲ့အထက် ယူဇနာ လေးသောင်း နှစ်ထောင် ဝေးကွာသော ယုဂန္ဓိုရ် တောင် ( မြင့်မိုရ်တောင် ထက်ဝက် အမြင့်ရှိ ) ထိပ်မှ စ၍ မြင့်မိုရ်တောင် အောက်ခြေထိ ကျယ်ပြန့် သည်။
ဗိမ္ဗိသာရ ဘုရင် သည် စတုမဟာရာဇ် ဘုံတွင် ဝေဿ၀ဏ် နတ်မင်းကြီး ၏ အခြံအရံ ဇန၀သဘ နတ် စစ်သူကြီး ဖြစ်သည်။ စတုမဟာရာဇ် နတ်များ ၏ သက်တမ်း မှာ သူတို့ ၏ အရေအတွက် အားဖြင့် နှစ် ( ၅၀၀ ) ရှိ၏။ လူတို့၏ နှစ် အရေအတွက် အရ အနှစ် ၉ သန်း ဖြစ်သည်။ လူတို့၏ နှစ်ပေါင်း ( ၅၀ ) သည် စတုမဟာရာဇ် နတ်သက် ( ၁ ) ရက် ဖြစ်သည်။
• ဝေဿ၀ဏ် နတ်မင်းကြီး •
ကုဝေရ နတ်မင်းကြီး ကို `ဝေဿ၀ဏ် နတ်မင်းကြီး´ဟူ၍ လည်း ခေါ်ဆို ကြသည်။ ဤ စတုမဟာရာဇ် နတ်မင်းကြီး များတွင် ကုဝေရ ခေါ် ဝေဿ၀ဏ် နတ်မင်းကြီး မှာ အလွန် တန်ခိုးကြီး ၏။ လောက တွင် အကြီးမြတ်ဆုံး လက်နက်ကြီး လေးမျိုး ကို အသီးသီး ပိုင်ဆိုင် ကြသည့် တန်ခိုးရှင်ကြီး လေးဦး ရှိသည် ။
သိကြားမင်း က ၀ဇီရစိန် လက်နက် ( ၀ရဇိန် လက်နက် ဟုလည်း ခေါ်ကြ သည် )
ဝေဿ၀ဏ် နတ်မင်း က သံ တင်းပုတ် လက်နက်
ယမမင်း က မျက်စောင်း လက်နက်
အာဠာဝက ဘီလူးကြီး က ဘွဲ့ဖြူ နတ်ပုဆိုး လက်နက် ..... တို့ကို
အသီးသီး ပိုင်ဆိုင် ကြကြောင်း သုတ္တနိပါတ်၊ အာဠာဝက သုတ် ၌ ပါရှိ လေသည်။
~~~~~~~~~~~~~~~~~~~~~~~~~
ဝေဿ၀ဏ် နတ်မင်းကြီး သည် သောတာပန် မဖြစ်မီ ပုထုဇဉ် ဖြစ်စဉ် က အမျက်ထွက် သဖြင့် သံ တင်းပုတ် လက်နက်ကြီး ကို ပစ်လွှတ် လိုက်လျှင် နတ်ဘီလူး ထောင်ပေါင်း များစွာ တို့၏ ဦးခေါင်းများ ပြတ်ကျ ကုန်ပြီး ဝေဿ၀ဏ် နတ်မင်းကြီး ၏ နှစ်တောင်ထွာ အရပ်၌ တဖန်ပြန် ၍ ရပ်တည် ကြသည် ဟု အာဠာဝက သုတ် အဖွင့်၌ ဖွင့်ဆို ထားပေသည်။
ဝေဿ၀ဏ် ခေါ် ကုဝေရ နတ်မင်းကြီး ၏ ရှေ့အတိတ် အကြောင်းကား ကဿပ ဘုရားရှင် ပွင့်တော်မူပြီး နောက် ဗာရာဏသီ ပြည်တွင် ကုဝေရ မည်သော ပုဏ္ဏား သူကြွယ် သည် ကြီးကျယ် သော ကြံခင်းများ စိုက်ပျိုး ၍ ကြံရည် ကြိတ်စက် ခုနှစ်လုံး ကို ၀ယ်ယူ ကာ ကြံရည်ဆိုင် ခုနှစ်ဆိုင် ဖွင့်ပြီးလျှင် ကြံခင်းများ မှ ရရှိကြသော ကြံ တို့ကို ထို ကြံရည် ကြိတ်စက် များဖြင့် ကြိတ်ပြီး ကြံရည် ရောင်းချ လေသည်။
ထို ကြံရည်ဆိုင် ခုနှစ်ဆိုင် အနက် ကြံရည် တစ်ဆိုင် မှ ရရှိသည့် အမြတ်အစွန်း များကို လာသမျှ လူအပေါင်း အား ပေးလှူ ၍ ကုသိုလ်ကောင်းမှု ပြူ၏ ထို ကြံရည်ဆိုင် မှာ အခြား ကြံရည်ဆိုင်များ ထက် ရောင်းကောင်း သဖြင့် အမြတ်အစွန်း ပိုမို ရရှိသည် ဟု ဆိုပေသည်။
ထို့ကြောင့် ကုဝေရ ပုဏ္ဏား သည် သဒ္ဓါ ယုံကြည်စိတ် ပိုမို ထက်သန် လာကာ အခြား ကြံရည်ဆိုင် များမှ ရရှိသည့် အမြတ်အစွန်း တို့ကို ပါ အလှူဒါန ပြုလေသည်။
ဤ သို့လျင် ကြံရည်ဆိုင် ခုနှစ်ဆိုင်လုံး မှ ရရှိသော အမြတ်အစွန်း တို့ကို အနှစ် နှစ်သောင်း ကာလ ပတ်လုံး ပေးလှူ ခဲ့သည်။ ( ထို အချိန် မှာ လူတို့ ၏ သက်တမ်းသည် အနှစ် နှစ်သောင်းတမ်း ဖြစ်သည် )
ထို ကုသိုလ်ကောင်းမှု ကြောင့် ကွယ်လွန်သော အခါ စတုမဟာရာဇ် နတ်ပြည် ၌ ကုဝေရ မည်သော နတ်မင်း ဖြစ်လေ၏။ နောင်သော အခါ ၀ိဿဏ မည်သော မင်း နေပြည်တော် ၌ မင်း အဖြစ် ကို ရရှိသော ကြောင့် မင်း နေပြည်တော် ကို အစွဲပြု ကာ ဝေဿ၀ဏ် နတ်မင်း ဟူ၍ လည်း ခေါ်ကြ သည်။
နတ်ဘီလူး တို့၏ အကြီးအမှူး ဖြစ်သောကြောင့် နတ်ဘီလူး အပေါင်းခြံရံ ကာ ကခုန် သီဆိုပွဲ တို့ဖြင့် မွေ့လျော် ပျော်ပါးစွာ နေထိုင်သည်။
ထို နတ်မင်းကြီး လေးပါး တို့မှာ ခွန်အားဗလ ကြီးသည့် သားတော် ကိုး ကျိပ် တစ်ယောက်စီ ရှိကြသည်။ ထို သားတော် တို့၏ အမည် ကို မိမိ တို့၏ အရှင် သိကြားမင်း ၏ အမည်အတိုင်း `က္ကန္ဒ´ ဆိုပြီး အမည် တစ်ခု တည်းပေးထား ကြသည် ဟု ထေယျ ပါဠိတော်၊ အာဋာနာဋိယ သုတ် နှင့် သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ တို့၌ ဟောကြား ဖွင့်ဆို ထားပေသည်။
ထို နတ်မင်းကြီး လေးပါး တို့သည် လောကကြီး ကို စောင့်ရှောက် နေကြသည့် နတ်မင်းကြီးများ ဖြစ် သောကြောင့် `စတု လောကပါလ´ နတ်မင်းကြီးများ ဖြစ်ကြောင်း ပေတ ၀တ္တုပါဠိ နှင့် အဋ္ဌကထာ တို့မှာ ဟောကြား ဖွင့်ဆို ထားပါသည်။
ဗိမ္ဗိသာရ ဘုရင် သည် စတု မဟာရာဇ် ဘုံတွင် ဝေဿ၀ဏ် နတ်မင်းကြီး ၏ အခြံအရံ ဇန၀သဘ နတ် စစ်သူကြီး ဖြစ်သည်။ စတု မဟာရာဇ် နတ်များ ၏ သက်တမ်း မှာ သူတို့ ၏ အရေအတွက် အားဖြင့် နှစ် ( ၅၀၀ ) ရှိ၏။
လူတို့၏ နှစ် အရေအတွက် အရ အနှစ် ( ၉ ) သန်း ဖြစ်သည်။ လူတို့၏ နှစ်ပေါင်း ( ၅၀ ) သည် စတု မဟာရာဇ် နတ်သက် ( ၁ ) ရက် ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~
.
•• တာဝတိံသာ နတ်ပြည် ••
မာဃ လုလင် အမှူးရှိသော အတူတကွ ကုသိုလ်ကောင်းမှု ပြုဖော်ပြုဖက် ဖြစ်သော ( ၃၃ ) ပါးသော သူတို့၏ နေရာဘုံ ကို တာဝတိံသာ နတ်ဘုံ ဟု ခေါ်သည်။ တာဝတိံသာ နတ်ပြည် သည် မြင့်မိုရ်တောင်ထိပ် ၌ တည်သောကြောင့် စတုမဟာရာဇ် နှင့် ယူဇနာ ၄၂,၀၀၀ ကွာဝေးသည် ဟု ဆိုကြ သည်။ တာဝတိံသာ နတ်ပြည် ၏ တည်နေပုံ မှာ ယူဇနာ တစ်သောင်း ကျယ်ပြန့်သည်။
ထို နတ်ပြည် ၌ တံခါးပေါင်း တစ်ထောင် ရှိ၍ အရှေ့တံခါး နှင့် အနောက်တံခါး ၊ တောင် နှင့် မြောက် တံခါး တို့သည် ယူဇနာ တစ်သောင်း ကွာဝေးသည်။ နတ်ပြည် ၏ အလယ်တွင် ရတနာ ခုနှစ်ပါး နှင့် စီချယ် ထားသော ယူဇနာ တစ်ထောင် မြင့်သော ဝေဇယန္တာ ပြာဿဒ်ကြီး တစ်ခု ရှိသည်။
ထို ပြာဿဒ်ကြီး ကို ယူဇနာ သုံးရာ မြင့်သော ထီး တံခွန် တို့ဖြင့် ဝိုင်းရံ ထားလျက် ရှိလေသည်။ ထို့ပြင် ယူဇနာ ငါးဆယ် ကျယ်သော နန္ဒာ ရေကန် နှင့် နတ်သစ်ပင် ၊ ပန်းပင် တို့ဖြင့် ဝေဆာသော ယူဇနာ ခြောက်ဆယ် ရှိသော ဥယျာဉ်ကြီး ( ၅ ) ခု တို့သည် လည်း သာယာ ကြည်နူးဖွယ် ရှိသည်။
• ဥယျာဉ်ကြီး ( ၅ ) ခု •
- နန္ဒဝန် ဥယျာဉ် -
မြို့၏ အရှေ့ဘက် ယူဇနာ ( ၁ဝဝဝ ) ကျယ်၍ နတ်တို့ နှစ်သက်စွာ ပျော်ပါးရာ ဥယျာဉ်တော်။
- ဖာရုသက ဥယျာဉ် -
မြို့၏ တောင်ဘက် ယူဇနာ ( ၇ဝဝ ) ကျယ်၍ ဖက်သက် အဖျော် ယမကာ တို့ သောက်စား ကာ အသူရာ တို့အား ကြိမ်းဝါး ခြိမ်းခြောက်ရာ ဥယျာဉ်တော်။
- စိတ္တလတာ ဥယျာဉ် -
မြို့၏ အနောက်မျက်နှာ၊ ယူဇနာ ( ၅ဝဝ ) ကျယ်၍ အာသာဝတီ နွယ်နီ နတ်ပန်း ဆွတ်လှန်း ပျော်ပါးရန်၊ ဆန်းကြယ်သော အဝတ်တန်ဆာ ယာဉ်ရထား တို့ဖြင့် ဝင်ထွက်ရာ ဥယျာဉ်တော်။
- မိဿက ဥယျာဉ် -
မြို့၏ မြောက်ဘက် ယူဇနာ ( ၅ဝဝ ) ကျယ်၍ နတ်သား နတ်သမီး တို့ ယှဉ်တွဲ ပျော်မြူးရာ ဥယျာဉ်တော်။
- မဟာဝန် ဥယျာဉ် -
မြို့၏ အရှေ့ဘက် ယူဇနာ ( ၇ဝဝ ) ကျယ်၍ လှပဆန်းကြယ် နှစ်သက်ဖွယ်ရာ သုနန္ဒာ ရေကန်တော်ကြီး ရှိသည်။
ထို့အပြင် တာဝတိံသာ နတ်ပြည် တွင် ပင်လယ် ကသစ်ပင် ဟူ၍ ရှိပါ သည်။ ပင်လယ် ကသစ်ပင် မှာ အဝန်း ယူဇနာ သုံးရာ လုံးပတ် တစ်ဆယ့်ငါး ယူဇနာ ၊ အမြင့် ယူဇနာ တစ်ရာ ရှိသည်။ ထို အပင်ရင်း ၌ ယူဇနာ အားဖြင့် အလျား ခြောက်ဆယ်၊ အနံ ငါးဆယ်၊ ထု တစ်ဆယ့်ငါး ယူဇနာ ရှိသော ပဏ္ဍကမ္ဗလာ မြကျောက်ဖျာ တည်ရှိသည်။
ပဏ္ဍကမ္ဗလာ မြကျောက်ဖျာ သည် ခေါင်ရမ်းပွင့် အရောင်အသွေး ကဲ့သို့ နီတွေးသော အရောင်အဆင်း ရှိသည်။ ၎င်းသည် အလွန် နူးညံ့သော ကမ္ဗလာ ဖြစ်၍ သိကြားမင်း ထိုင်လျှင် ကိုယ် တစ်ဝက်မြုပ် ၍ ထလျှင် ပြန်၍ ပြည့်မြဲ ပြည့်သော ကမ္ဗလာ ဖြစ်ပါသည်။
တာဝတိံသာ ၌ ကုသိုလ်ကောင်းမှု ပြုရန် စူဠာမဏိ စေတီတော် ရှိပါသည်။
ထို စေတီတော်သည် ယူဇနာ တစ်ရာ မြင့်သော မြသား စေတီတော် ဖြစ်သည်။ မြတ်စွာ ဘုရား ၏ ဆံတော်၊ မကိုဋ်တော် သာမက လက်ယာ အထက် စွယ်တော်ပါ ကိန်းဝပ် တည်ရှိ ပေသည်။
သုဓမ္မာ အမည်ရှိ နတ်သဘင် ဓမ္မာရုံကြီး လည်း ရှိသည်။ သုဓမ္မာ ဇရပ်ကြီး ၌ နတ်တို့၏ အစည်းအဝေး များကို အောက်ပါ အကြောင်း လေးပါးကြောင့် ကျင်းပ ပြုလုပ်ြ ကသည်။
ဝဿူပနာယိက သင်္ဂဟတ္ထံ၊ ဝါဆို သံဃာတော် တို့ကို ချမ်းသာစွာ တရား အားထုတ် နိုင်ရေး အတွက် စောင့်ရှောက် ပေးဖို့ ရန် ပထမ ဝါဆို လပြည့်နေ့ နှင့် ဒုတိယ ဝါဆို လပြည့်နေ့ ၌ စည်းဝေး ကာ တိုင်ပင် စေခြင်း၊
ပဝါရဏာ သင်္ဂဟတ္တံ ၊ ပဝါရဏာ ပွဲတို့ ၌ သံဃာတော်များ ချမ်းသာစွာ ပြုနိုင်ရေး အတွက် တာဝန် ပေးရန် အစည်းအဝေး ပြုခြင်း၊
ဓမ္မ သဝနတ္ထံ- တရားနာရန် အလို့ငှာ အစည်းအဝေးကြီး ပြုလုပ်ခြင်း၊
ပါရိ စ္ဆတ္တက ကိဠာနု ဘဝနတ္တံ ပင်လယ် ကသစ်ပန်း ပွင့်ချိန် ၌ ပန်းဆွတ် ပျော်ပွဲကြီး ဆင်ယင် ကျင်းပရေး အတွက် သုဓမ္မာဇရပ်ကြီး ၌ အစည်းအဝေး ပြုလုပ် ကြခြင်း။
တာဝတိံသာ မှ အထက် ယာမာ စသော နတ်ပြည် များ၌ ကား အာကာသဋ္ဌ ( ဝါ ) “အာကသဇိုဝ်း” နတ်များ သာ ရှိကြသည်။ ဤ ဘုံတွင် သိကြားမင်း နှင့် ပဇာပတိ ၊ ဝရုဏ ဤ သာန စသော ( ၃၃ ) ပါးသော နတ်မင်းကြီး တို့ စံနေ ကြသည်။
တာဝတိံသာ နတ်သက် သည် အနှစ် ( ၁၀၀၀ ) ဖြစ်သည်။ လူတို့၏ နှစ် အရေအတွက် သုံး ကုဋေ ခြောက်သန်း ရှိသည်။ လူတို့၏ နှစ် ( ၁၀၀ ) သည် တာဝတိံသာ နတ်၌ ( ၁ ) ရက် ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~
•• ယာမာ နတ်ပြည် ••
ဆင်းရဲဒုက္ခမှ ကင်းကြသော နတ်ချမ်းသာများ နေရာဘုံ ဖြစ်သည်။ တာဝတိံသာ ၌ သိကြားမင်း ရှိသကဲ့ သို့ ယာမာ ဘုံ တွင်လည်း `သုယာမ နတ်မင်း´ အုပ်ချုပ်သည်။
ယင်း နတ်မင်းသ ည် သိကြားမင်း ရာထူး ကိုလည်း ရသည်။ ယာမာ နတ်သက် သည် သူတို့၏ အရေအတွက် အားဖြင့် နှစ်ပေါင်း ( ၂၀၀၀ ) ရှိသည်။ လူတို့ ၏ အရေအတွက် အားဖြင့် ( ၁၄ ) ကုဋေ ( ၄ ) သန်း ရှိသည်။ လူတို့ ၏ နှစ် ( ၂၀၀ ) သည် ယာမာ နတ်ပြည် ၌ ( ၁ ) ရက် ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~
•• တုသိတာ နတ်ပြည် ••
ကြီးကျယ် မြင့်မြတ်သော စည်းစိမ် ကျက်သရေ တို့နှင့် ပြည့်စုံကြ ၍ နှစ်သက် ရွှင်လန်းခြင်း သို့ ရောက်နေ ကြသော နတ်တို့ ၏ စံရာ ဘုံ ဖြစ်သည်။
ထို ဘုံ ၌ ဖြစ်ကြသော နတ်တို့ သည် အမြဲမပြတ် ရွှင်မြူးနှစ်သက် ပျော်ပါး နေကြ ရသော ကြောင့် တုသိတာ နတ်ဘုံ ဟု ခေါ်သည်။
သန္တုဿိတာ နတ်မင်း သည် အကြီးအကဲ နတ်မင်း ဖြစ်သည်။
ဘုရားအလောင်း များသည် ဤ နတ်ဘုံ ၌ စံလေ့ ရှိသည်။ ဗုဒ္ဓဘုရားအလောင်း သည် ဘုရား မဖြစ်မီ တစ်ဘဝ ၌ တုသိတာ နတ်ပြည် ၌ “သေတကေတု” မည်သော နတ်မင်း ဖြစ်လေသည်။
ဘုရားအလောင်း ၏ မယ်တော် စသည့် သူတော်ကောင်း ပုဂ္ဂိုလ်များ စံရာ နတ်ပြည် လည်း ဖြစ်သည်။ အနာထပိဏ် သူဌေး သည် ဤ တုသိတာ နတ်ဘုံ တွင် နတ်သား ဖြစ်ရသည်။
တုသိတာ နတ်သက် သည် နှစ်ပေါင်း ( ၄၀၀၀ ) ရှိသည်။ လူတို့ ၏ အရေအတွက် အားဖြင့် နှစ်ပေါင်း ( ၅၇ ) ကုဋေ နှင့် ခြောက်သန်း ရှိသည်။ လူတို့၏ နှစ် ( ၄၀၀ ) သည် တုသိတာ နတ် ( ၁ )ရက် ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~
•• နိမ္မာနရတိ နတ်ပြည် ••
နိမ္မာနရတိ နတ်ပြည် သည် တုသိတာ နတ်ဘုံ ၏ အထက် ယူဇနာ ( ၄၂၀၀၀ ) ကွာသော ကောင်းကင်ပြင် တွင် ယာမာ နတ်ပြည် ၊ တုသိတာ နတ်ပြည်များ နည်းတူ ပန်းဆိုင်းဆွဲ သကဲ့သို့ တည်ရှိ သည်။
ထို ပြည်ရှိ နတ်တို့သည် ပင်ကိုယ် ရှိပြီးသား စည်းစိမ်ထက် အလွန်အကဲ ခံစားလို ကြသည့် အခါ မိမိတို့ ကိုယ်တိုင် စိတ်တိုင်းကျ ဖန်ဆင်း ၍ မွေ့လျော်လေ့ ရှိသော နတ်များ ဖြစ်ကြ သည်။
အောက် နတ်ပြည် လေးထပ် တို့၌ အမြဲတမ်း ထားသော ကိုယ်ပိုင် ဇနီးမောင်နှံ ရှိကြ သကဲ့သို့ နိမ္မာနရတိ နတ်ပြည် ၌လည်း အမြဲတမ်း ဇနီးမောင်နှံများ ရှိကြ သည်။
ထို နတ်တို့ သည် အပိုအလွန် စည်းစိမ် ခံစားလို မှသာ မိမိတို့ လိုရာ အဆင်း၊ အသံ စသည် တို့ကို ကိုယ်တိုင် ဖန်ဆင်းကြ ၍ ထို ဖန်ဆင်းသော အာ ရုံ၌ပင် မွေ့လျော် ပျော်ပိုက် နေတတ် ကြသည်။
ထို့ကြောင့် ထို နတ်တို့ ကို `နိမ္မာနရတိ´နတ်များ ဟု ခေါ်ကြသည်။
နိမ္မာန = လိုရာ စည်းစိမ် ကို မိမိ ဘာသာ ဖန်ဆင်း၍ + ရတိ = မွေ့လျော်ကြသည့် နတ်များ ၏ ဘုံ
မြတ်စွာဘုရား သက်တော် ထင်ရှား ရှိစဉ် က အရှင် အနုရုဒ္ဓါ မထေရ်မြတ် ၏ မိဘုရားဟောင်း ဖြစ်ဖူး ကြသော မနာပကာယိကာ မည်သော နိမ္မာနတိ နတ်သမီး တို့သည် အရှင်အနုရုဒ္ဓါ မထေရ် ထံ လာကြ ၍ အမျိုးမျိုး ဖန်ဆင်း ပြကြ သတဲ့။
ထို နတ်ပြည် ကို အုပ်ချုပ်သော နတ်မင်း ကား “သုနိမ္မိတ နတ်မင်းကြီး” ဖြစ်သည်။
ဝိသာခါ ကျောင်းအမ သည် နိမ္မာနရတိ နတ်ပြည် တွင် သုနိမ္မိတ နတ်မင်းကြီး ၏ နတ် မိဖုရား ဖြစ်ရ သည်။
ထို နတ်တို့ ၏ သက်တမ်း သည် သူတို့ ၏အရေအတွက် အားဖြင့် နှစ်ပေါင်း ( ၈၀၀၀ ) ရှည် ၍ လူသား တို့၏ နှစ် အရေအတွက် အားဖြင့် ကုဋေ ( ၂၃၀ ) နှင့် လေးသန်း ရှိ၏။
လူတို့ ၏ နှစ် ( ၈၀၀ ) သည် နိမ္မာနရတိ နတ်ပြည် ၏ တစ်ရက် ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~
•• ပရနိမ္မိတ၀သ၀တ္တိ နတ်ပြည် ••
မိမိတို့ အလိုရှိရာ ကို ကိုယ်တိုင် မဖန်ဆင်းဘဲ အစေအပါး နတ်များ ၏ အလိုက်သိစွာ စိတ်တိုင်းကျ ဖန်ဆင်း ပေးသော ကာမဂုဏ် စည်းစိမ် ချမ်းသာ ကို စံစား ကြသော နတ်တို့ ၏ စံရာ ဘုံ ဖြစ်သည်။
“၀သ၀တ္တိ နတ်မင်း” က အုပ်ချုပ် သည်။
ဤ နတ်ဘုံ မှာ မြတ်စွာဘုရား ကိုပင် အမြဲတမ်း လိုက်လံ နှောက်ယှက်လေ့ ရှိသော မာရ်နတ်မင်း သည်လည်း သီးသန့် စံလျက် ရှိသည်။
ပရနိမ္မိတ၀သ၀တ္တိ နတ်သက် သည် နှစ်ပေါင်း ( ၈၀၀၀ ) ရှိသည်။ လူတို့ ၏ နှစ် အရေအတွက် အားဖြင့် ကုဋေ ( ၉၂၁ ) နှင့် ခြောက်သန်း ရှိ၏။ လူတို့ ၏ နှစ် ( ၁၆၀၀ ) သည် ပရနိမ္မိတ၀သ၀တ္တိ နတ်ပြည် ၏ တစ်ရက် ဖြစ်ပါသည်။
#Credit: Original writer