"အမလေး ငါကတော့လိုက်ရှာလိုက်ရတာ ဒင်းတို့က ဒီမှာ လာနှပ်နေကြတယ်ပေါ့ လာကြ အိမ်ပြန်မယ်"
သာဝတၳိပြည်မှ အမျိုးကောင်းသားတစ်ယောက်သည် သူ၏နွားများပျောက်လို့လိုက်ရှာရင်း နေမွန်းတည့်အချိန်ရောက်မှပြန်တွေ့လေသည်။
မနက်ကတည်းက ဘာမှမစားခဲ့ရသည်မို့ ဗိုက်ကလည်းဆာလှပြီဖြစ်သည်။
"ကဲ..မင်းတို့ဘာသာပြန်နှင့်ကြ ငါကတော့ ဘုန်းကြီးကျောင်းမှာထမင်းကျန်ဟင်းကျန်လေး သွားစွန့်အုံးမယ်"
ဟုပြောပြီး.နွားတွေကိုအိမ်သို့ အရင်ပြန်လွတ်လိုက်လေသည်။
သူကတော့.ဘုန်းကြီးကျောင်းထဲဝင်သွားလိုက်ကြီး သံဃာတွေကိုရှိခိုးလိုက်သည်။
သံဃာများသည် အမျိုးကောင်းသားကိုမြင်သည်နှင့် ထမင်းဆာ၍ ရောက်လာသည်ကို သိလိုက်သည်။
"ကဲ...ဒကာတော် ဒီမှာတော့ ဆွမ်းဟင်းတွေရှိသေးတယ် ဒကာတော်အဆင်ပြေသလို စားပါလေ"
အမျိုးကောင်းသားလည်း တစ်ယောက်စားလောက်ရုံမျှယူပြီး စားလိုက်လေ၏။
ထိုအချိန်က ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်အခါဖြစ်၍ ရဟန်းတော်တွေမှာ အမြဲတမ်း မွန်မြတ်သော ဆွမ်းဟင်းကောင်းတွေကိုသာ ဘုဉ်းပေးရသည်။
"အရှင်ဘုရား အရှင်ဘုရားတို့ဟာ နေ့စဉ်နေ့တိုင်း ဒီလို ဆွမ်း၊ဟင်းတွေကိုပဲ ဘုဉ်းပေးရပါသလား ဘုရား"
"မှန်ပါတယ် ဒကာတော်"
ထိုအခါ အမျိုးကောင်းသားက စဉ်းစားလိုက်သည်။
"အင်း...ငါတို့တွေ မနက်ကနေ မိုးချုပ်အထိ တစ်နေကုန် အလုပ်လုပ်တာတောင်မှ ရဟန်းတွေလို မစားရဘူး တော်ပြီ လူ့ဝတ်ကြောင်ဘဝမှာ မနေတော့ဘူး ရဟန်းဝတ်တာကောင်းမယ်" ဟု စဉ်းစားလိုက်သည်။
"အရှင်ဘုရား တပည့်တော် ရဟန်းဝတ်ချင်တယ် ဘုရား"
"ကောင်းပါပြီ ဒကာတော်"
သံဃာများက အမျိုးကောင်းသားကို ရဟန်းဝတ်ပေးလိုက်သည်။
ထိုအမျိုးကောင်းသား ရဟန်းသည် ရဟန်းဖြစ်ပြီးနောက် ဝတ်ကြီးဝတ်ငယ်ကို လုပ်၏။
မြတ်စွာဘုရား၏ ဘုန်းတန်ခိုးတော်ကိုအမှီရ၍ လေးငါးဆယ်ရက်အတွင်းမှာပင် သိသိသာသာ ဆူဖြိုးလာသည်။
သို့သော်...ဆွမ်းခံစားရသော ရဟန်းမှာ ကြာကြာမနေနိုင်ပေ။
"ဒီလို ဆွမ်းခံစားပြီး အသက်မွေးရတာ ဘာအကျိုးရှိမှာတုံးဟ တော်ပြီလူထွက်ပြီး အိမ်ကမိန်းမနဲ့ပဲ နေတော့မယ်"ဆုံးဖြတ်လိုက်သည်။
( အနေအစားချောင်တိုင်း သာသနာ့ဘောင်မှာ မနေနိုင်သည်ကို သတိပြုပါ)
လူထွက်ပြီးအလုပ်တွေပင်ပင်ပန်းပန်းလုပ်ရသောကြောင့် ရက်များမကြာမီ ပိန်သွားလေသည်။
"လူဝတ်ကြောင်ဘဝမှာ နေရတာလည်း ဆင်းရဲလိုက်တာ ရဟန်းဝတ်နေတာပဲ ကောင်းမယ်"ဟုတွေးရင်း.ရဟန်းပြန်ဝတ်ပြန်သည်။
"ရဟန်းဝတ်ရတာလည်း နေရခတ်လိုက်တာ လူထွက်တာကောင်းပါတယ်" ဟု တွေးရင်း လူထွက်လိုက်ပြန်သည်။
ထိုသို့ ရဟန်းဝတ်လိုက် လူပြန်ထွက်လိုက်လုပ်လာသည်မှာ (၆)ကြိမ်တိတိရှိပြီဖြစ်သည်။
ထို့ကြောင့်သူ့ကို ရဟန်းများက စိတ္တဟဋ္ဌဟု အမည်ပေးလိုက်သည်။
တစ်နေ့တွင် ရဟန်းလူထွက်သည် လယ်တောမှပြန်လာပြီး ရဟန်းပြန်ဝတ်မယ်ဟု ဆုံးဖြတ်လိုက်သည်။
ဤဆုံးဖြတ်ချက်သည် (၇)ကြိမ်မြောက်ဆုံးဖြတ်ချက်ဖြစ်သည်။
"တိုက်ခန်းထဲမှာ သင်္ကန်းသွားယူရမယ်"တွေးပြီး တိုက်ခန်းထဲဝင်လိုက်သည်။
ရဟန်းလူထွက်ကို ဘယ်တော့မှ လူမထွက်ဖြစ်အောင် လုပ်နိုင်မယ့်မြင်ကွင်းကို တွေ့လိုက်ရသည်။
သူ၏မိန်းမကား.. အိပ်နေလိုက်သည်မှာ ထမီကလည်းကျွတ်နေသည်။
ပါးစပ်ကလည်း ဟောက်နေသည်။
သွားရည်တွေကလည်း ကျနေသည် ။
ထိုမြင်ကွင်းကိုတွေ့လိုက်ရသော ရဟန်းလူထွက်သည်.
"အင်း..ငါရဟန်းဘဝမှာ မနေနိုင်တာ ဒီမိန်းမကိုစွမ်းလန်းနေလို့ပဲ အခုတော့..ဒီမိန်းမဟာ အသုကအကောင်ပုတ်ကြီးလိုပါပဲလား "တွေးရင်း သင်္ကန်းကိုယူပြီး ဘုန်းကြီးကျောင်းဆီထွက်သွားလေသည်။
ဘုန်းကြီးကျောင်းသို့သွားသော ရဟန်းလူထွက်ကို သူ့ယောက္ခမကမြင်သွားပြီး
"ငါ့သမက်က ဘုန်းကြီးကျောင်းဘက်သွားတယ် အိမ်ကမိန်းမနဲ့ဘာဖြစ်တယ်မသိဘူး သွားကြည့်အုံးမှပါ"တွေးရင်း သူ့သမီးအိမ်သို့သွားသော အိပ်ပျော်နေသော သူ့သမီး၏ ဖြစ်ပုံကိုတွေ့လိုက်ရသည်။
"ဟဲ့..ဟဲ့...သမီးထစမ်း နင်ကအိပ်လို့ကောင်းနေတယ် နင့်ယောကျၤားက နင်အိပ်နေပုံကိုမြင်ပြီး နှလုံးမသာယာသောကြောာင့် ရဟန်းဝတ်မယ်ဆိုပြီး ဘုန်းကြီးကျောင်းဘက်ထွက်သွားပြီ"
"အမလေး..အမေရယ် သွားပါစေ သူရဟန်းဘဝနဲ့ ဘယ်နှစ်ရက် နေနိုင်မှာတဲ့လည်း အရင်ကလို လေးငါးရက်နေပြီး ပြန်လာမှာပဲဥစ္စာ "
ဒီတစ်ခါတော့.. ရဟန်းလူထွက်မိန်းမတွေးတာ မှားသွာပြီ ဖြစ်သည်။
ရဟန်းလူထွက်က အိမ်မှထွက်စဉ်ကပင်လျှင် ခန္ဓာကိုယ်ကြီး၏ အနိစ္စ ဒုက္ခ အနတ္တသဘောကို ပွားများရင်းသွားရာ လမ်းမှာပင်သောတာပတိ္တဖိုလ်သို့ရောက်သွားလေသည်။
ထိုမျှမက ရဟန်းပြန်ဝတ်ပြီး ရက်များမကြာမီ ရဟန္တာဘဝသို့ပင် ရောက်ရှိပြီး အိမ်သို့ ဘယ်တော့မှ ပြန်မလာတော့ပေ။
ရဟန်းဝတ်လိုက် လူထွက်လိုက် အကြိမ်ကြိမ်လုပ်သော အမျိုးကောင်းသားသည် မိန်းမခန္ဓာကိုယ်ကြီး၏ အသုဘတရားကို မြင်လိုက်ရမှာ သတိသံဝေဂရပြီး ရဟန္တာဘဝသို့ပင် ရောက်ရှိခဲ့ခြင်းဖြစ်ပါတော့သတည်း။
ကျမ်းကိုး...ဓမ္မပဒ(စိတ္တဟဋ္ဌတေၳရဝတၳု)
အရှင်သုဇာတ(မစိုးရိမ်)
Nov 15, 2017
မိန်းမကတရားပြမှ ရဟန္တာဘဝရောက်ရသူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment