ဂေါတမမြတ်စွာဘုရား ပထမဆုံး တရားဦးဟောရာနေ့၊ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာနေ့ကြီး နေ့မြတ်ဖြစ်သည်။ မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ဝါဆိုလပြည့်နေ့ နေဝင်လထွက်အချိန်တွင် အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ် နှင့် အရှင်အဿဇိ တို့အား ဂေါတမမြတ်စွာဘုရားမှ ဘုရားအဖြစ်ဝန်ခံပြီး ဓမ္မစကြာတရာဦးကို ဟောပြောတော်မူခဲ့သည်။ နေရာမှာ အိန္ဒိယနိုင်ငံ၊ ဗာရာဏသီပြည် မိဂဒါဝုန်တော တွင်ဖြစ်သည်။ ဓမ္မာစကြာနေ့တွင်ပင် "ဧဟိဘိက္ခု" ဟူသော စကားကို မြွက်ကြားခဲ့ပြီး ဗုဒ္ဓဘာသာဝင်တို့၏ တတိယရတနာဖြစ်သော သံဃာရတနာ စတင်ပေါပေါက်ရာနေ့လည်း ဖြစ်သည်။
ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးမြတ်တရားကို ညွှန်းဆိုသော ဒေသနာတော်ဖြစ်ပြီး ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်ဖြစ်ကြောင်း အဌကထာဆရာကြီးများက ညွှန်းဆိုကြပါသည်။ တရားတည်းဟူသော စက်ကိုဖြစ်စေခြင်း၊ လည်စေခြင်း ဟူလည်း အဓိပ္ပါယ်ရပါသည်။ တရားတော်တွင် အစွန်းနှစ်ပါးကို ရှောင်ကြဉ်ကာ သစ္စာလေးပါးကို သိမြင်စေသည်။ ပဋိသန္ဓေနေခြင်းမှ စတင်ပြီး ခန္ဓာငါးပါးတို့၏ ဒုက္ခသစ္စာ ဆင်းရဲခြင်းတို့ကို ဟောတော်မူသည်။ ထိုဒုက္ခဆင်းရဲ၊ ပဋိသန္ဓေနေခြင်း အစကို ဖြစ်ပေါ်စေသည်မှာ နှစ်သက်ခြင်း၊ တက်မက်ခြင်း ဆိုသော တဏှာလောဘ ဖြစ်ကြောင်းဟောကြားသည်။ ထိုတဏှာလောဘတို့၏ ချုပ်ငြိမ်းရာတွင် နိဗ္ဗာန်ရှိသည်။ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်ကို ကျင့်မှသာလျင် တဏှာဖြစ်ကြောင်း ကို သတ်နိုင်ပေမည်။ တဏှာချုပ်လျှင် ဘဝသစ်တဖန် ဖြစ်စေသော အကြောင်းတို့ ချုပ်သည်။ ဘဝသစ်တဖန် ဖြစ်စေသာအကြောင်းတရားတို့ ချုပ်လျင် ဘဝသစ်တဖန်ဖြစ်ပေါ်ခြင်း အကျိုးတို့ သူ့အလိုလို ချုပ်ပြီးဖြစ်သည်။
ဓမ္မစကြာတရားတော်မှာ အင်မတန် နက်နဲလှသဖြင့် စာရေးသူအနေဖြင့် အမှားများမည် စိုးရိမ်သောကြောင့် အနည်းငယ်သာ ရေးသားဖော်ပြလိုက်ပါသည်။ နားလည်တတ်သိသော ဆရာတော်များထံမှ ကြားနာခြင်းကသာ ပိုပြီး မှန်ကန်ထိရောက်ပါလိမ့်မည်။ ဒုက္ခတို့၏ချုပ်ငြိမ်းရာ ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူခဲ့သော မြတ်စွာဘုရာကို ရိုသေမြတ်နိုးခြင်း၊ ဓမ္မစကြာတရားတော်ကို ရိုသေမြတ်နိုးခြင်း၊ ဓမ္မစကြာတရားတော်ကို လက်ဆင့်ကမ်း ဆင့်ပွား ဟောကြားပေးတော် မူခဲ့သော ရဟန်းသံဃာတော်တို့အား ရိုသေမြတ်နိုးခြင်းဖြင့် ဓမ္မစကြာ အခါတော်နေ့ ဆောင်းပါးကို ရေးသားအပ်ပါသည်။
Ref: ၂၀၁၀၊ ၇၊ ၂၇ မြန့်မာ့အလင်း သတင်းစာ, wiki