........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 5, 2015

" သီတဂူဆရာတော် ၄-၁၀-၂၀၁၅ မိန့်ခွန်း " (စာဖိုင်၊ အသံဖိုင်၊ ဗီဒီယိုဖိုင် - အပြည့်စံ)ု

" သီတဂူဆရာတော် ၄-၁၀-၂၀၁၅ မိန့်ခွန်း "
(စာဖိုင်၊ အသံဖိုင်၊ ဗီဒီယိုဖိုင် - အပြည့်စုံ)
----------------------------------------------------------
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏ (၄-၁၀-၂၀၁၅) ရက်နေ့ (တနင်္ဂနွေနေ့) ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံတွင် ကျင်းပသည့် အမျိုးစောင့်ဥပဒေ အောင်မြင်မှုအထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း အစဆုံးဖြစ်ပါသည်။

https://soundcloud.com/naing-aye/sitagu-sayadaws-speech-4-10-2015

https://youtu.be/Vh2nt18QLXU
==============================
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့
==============================
Posted by သီတဂူသတင်း
ဓါတ်ပုံ - သီတဂူအောင်သန်းဝင်း
==============================

(၄.၁၀.၂၀၁၅) မျိုးစောင့်ဥပဒေအောင်ပွဲ၌ မိန့်ကြားခဲ့သော

" သီတဂူဆရာတော်ဘုရားကြီး၏ မိန့်ခွန်း"

ဗဟုသုတနှင့်အင်မတန်ပြည့်စုံလှသော သီလ သမာဓိ ပညာ နှင့်ပြည့်စုံလှသော ကျေးဇူးတော်ရှင်

ဆရာတော်ဘုရားကြီးအား အသံဖိုင်နားထောင်၍ ရေးသားပူဇော်လိုက်ပါသည်။
စားလုံးပေါင်းများ ပါဠိစာသားများ မှားပါက ခွင့်လွှတ်ပေးကြပါရန် -

နမော ဝိဘဇ္ဇ ဝါဒိနော အနန္တ ဇိနဿ။
အတိုင်းမသိ အနှိုင်းမရှိ အောင်မြင်တော်မူသော အရာရာ ဝေဖန်ဆန်းစစ်သည့်ဉာဏ်ရှိတော်မူသော

သဗ္ဗေညုမြတ်စွာဘုရားအားရှိခိုးပါ၏။
အားလုံးသော ပရိတ်သတ် အဲ့ဒီဘုရားရှိခိုးလေးကို ဘုန်းကြီးတိုင်ပေးမယ် လိုက်ဆိုလိုက်ကြ။
"နမော ဝိဘဇ္ဇ ဝါဒိနော အနန္တ ဇိနဿ "
ဦးသုံးကြိမ်ချ။

ဒီနေ့အားလုံးသုဝဏ္ဏအားကစားခန်းမဆောင်ကြီးမှာ လာရောက်စုဝေးကြတာ။ဘုန်းကြီးစိတ်ထဲ ခန့်မှန်းကြည့်တယ်

သံဃာတော်ပေါင်း ၂၀၀၀ ကျော်ခန့်ရှိလောက်ပါတယ်။ ၂၅၀၀ ဆိုတဲ့ဂဏန်းကတော့ သိပ်လှတယ်။

ဆဋ္ဌသင်္ဂါယနာတင် ကမ္ဘာအေးက လှိုင်ဂူကြီးထဲမှာ သံဃာတော်များ စည်းဝေးတော်မူကြသလိုပဲ

ဒီနေ့စည်းဝေးတော်မူကြတယ်။ လူထုပရိတ်သတ် ၁သိန်းခန့် အတွင်းရော အပြင်ပါ စုဝေးနေကြတယ်လို့

ဘုန်းကြီးတို့ ဒီလိုပဲယုံကြည်တယ်။ အဲ့ဒါဘာလုပ်ကြတာလဲဆိုတော့ အောင်ပွဲ။ နှစ်ပေါင်းများစွာ ရွာမ
ဆရာတော်ဘုရားကြီးနဲ့ အဖွဲ့တွေ အပေါင်းအသင်းတွေ တိုင်းပြည်နဲ့လူမျိုးအတွက် ဒါ National affairs ပေါ့။ အမျိုးသားရေးကိစ္စ။

လူမျိုးရယ် ဘာသာရယ် သာသနာရယ် စောင့်ရှောက်ထိန်းသိမ်းဖို့ဆိုပြီးတော့ ဥပဒေတွေများပြဋ္ဌာန်းဖို့

ကြိုးစားလာခဲ့ကြတာ လွှတ်တော်၂ရပ်က အတည်ပြုပြီးတော့ နိုင်ငံတော် သမ္မတကြီးက လက်မှတ်ထိုးကြေညာ

ထုတ်ပြန်ပေးလိုက်တဲ့အတွက် ဒီကနေ့ ဒီအမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်းဟာ

နိုင်ငံတော်တစ်ဝှမ်း ပြဋ္ဌာန်းပြီး ဖြစ်သွားတယ်။ အဲ့ဒါ ပြဋ္ဌာန်းပြီးဖြစ်တဲ့အတွက်မို့ အားလုံးပျော်လွန်းလို့

ဝမ်းမြောက်ဝမ်းသာ ဒီကနေ့အောင်ပွဲဆိုပြီးတော့ လာဆင်ကြတယ်။ အောင်ပွဲ။ ဘုန်းကြီးတို့ ပါဝင်ပြီးတော့

စကားပြောခွင့်ရလို့ ဝမ်းသာတယ်။

တောင်သမုဒ္ဒရာထဲက ပင်လယ်ထဲကျောက်ဆောင်ပေါ်မှာ ကြေးတပ်သားနဲ့နေနေတဲ့ အရှင်ဥပဂုတ္တမထေရ်ကို

တတိယ သင်္ဂါယနာတင်ပွဲကြီးဆင်နွဲတော်မူတဲ့အခါ အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်ကြီးက အမိန့်နဲ့ခေါ်တယ်။"

အေး ငါတို့ သင်္ဂါယနာတင်ပွဲနဲ့ ကိုးဌာန သာသနာပြုပွဲကြီး မာရ်နတ်ရဲ့အနှောက်အယှက်ရှိတယ်။
အဲ့ဒါကြောင့် ဟိုးတောင်သမုဒ္ဒရာမှာ တစ်ယောက်ထဲ အေးအေးဆေးဆေးသွားမနေနဲ့ လာ ဒီပွဲမှာ

မင်းအကူအညီလိုတယ်ဆိုတော့ တစ်ယောက်ထဲ ချမ်းချမ်းသာသာနေနေတဲ့ ဥပဂုတ္တမထေရ်ဟာ

သံဃာတော်ထောင်ကျော်တို့ရဲ့ အကြီးအကဲ အရှင်မောဂ္ဂလိပုတ္တတိဿရဲ့ အမိန့်အရ သင်္ဂါယနာပွဲမှာလာပြီးတော့

အစောင့်ရှောက် တာဝန်ကိုယူရတယ်။

ဆရာတော် သံဃာတော်အရှင်မြတ်တို့ဘုရား တပည့်တော်ဒီနေ့ ဒီပွဲကိုတက်လာခြင်းဟာ

စစ်ကိုင်းတောင်ချောင်ကောင်းကောင်းမှာ private libraryပေါ့ဗျာ တစ်ယောက်ထဲကြည့်တဲ့
စာကြည့်တိုက်လေးထောင်ပြီး စာအုပ်တွေကိုတစ်နေကုန်ဖတ် မနက် စာတစ်ဝါ ချပြီးတော့

ချမ်းချမ်းသာသာနေနေတာကို ရွာမဆရာတော်ကြီး အမှူးရှိတဲ့ သံဃာတော်
(၂၅၀၀) ကျော်တို့က သီတဂူဆရာတော်ကြွတော်မူပါဆိုတော့ ရှင်ဥပဂုတ်ကြွသလိုပဲ မနေသာလို့ လာခဲ့ရတာ။

အဲ့ဒီတော့တပည့်တော်ပြောချင်တာက မဟုတ်ဘူး ဒီအခန်းအနားမှာ ပြောဖို့ရန် အခန်းအနားအစီအစဉ်မှာ

ထည့်ထားတာက သြဝါဒကထာလို့ ဒီလိုထည့်ထားတယ်။ အဲ့ဒါကြောင့် ဥပဒေအချက်အလက်တွေနဲ့

ပတ်သတ်ပြီးတော့ တပည့်တော် ပြောစရာမလိုတော့ဘူး။ ဒီပွဲကြီးရဲ့ ဥက္ကဋ္ဌဆရာတော်ကြီးက

အသေးစိတ်ရှင်းလင်းတင်ပြသွားပါပြီ။ တပည့်တော် အခန်းအနားအစီအစဉ်မှူးကြေညာသည့်အတိုင်း

သြဝါဒကထာဆိုသည့်အားလျော်စွာ သြဝါဒစကားများပဲ တပည့်တော်ပြောပါရစေ။

သြဝါဒစကားမျှသာပြောပါမယ်။

ဒီကနေ့အောင်ပြီ ဆိုပြီးတော့ အောင်ပွဲတွေဆင်နေကြတယ်။ မြတ်စွာဘုရား ဗောဓိပင်ခြေပလ္လင်ခွေမှာ

မာရ်ငါးပါးအောင်တုန်းက သိကြား ဗြဟ္မာ နတ်ဒေဝါတွေ ပျော်လိုက်ကြတာ။ နဂါး ဂဠုန် ကုမ္ဘဏ် ယက္ခ

ဂန္ဓဗ္ဗတွေလည်းပျော်လိုက်ကြတာ အဲ့ဒါတွေ စာထဲမှာတွေ့တယ်ထူးထူးဆန်းဆန်း အဲ့ဒီနေ့မှာ တစ်ကမ္ဘာလုံးမှာ

ကမ္ဘာ သမိုင်းတစ်လျှောက်လုံး မတည့်တဲ့ အကောင်နှစ်ကောင် နဂါး နဲ့ ဂဠုန်။ အဲ့ဒီနေ့က အဲ့ဒီ နဂါးနဲ့ ဂဠုန် သူတို့

နှစ်ကောင်လည်း လက်တွဲထားကြတယ်လို့ အဋ္ဌကထာမှာ တွေ့ပါတယ်။ အဲ့ဒီတော့ ဒီကနေ့

တပည့်တော်လျှောက်ချင်တာက မတည့်တဲ့အကောင်တွေ အားလုံးပျော်ပျော်ပါးပါး လက်တွဲညီညာ

ကခုန်းမြူးထူးနိုင်ကြပါစေလို့ ဒါကို ရှေးဦးစွာဆုတောင်းတယ်။

နောက်မာရ်နတ်ရဲ့တိုက်ပွဲဟာ ဗောဓိပင်အောက်မှာ ပြီးသွားတယ်လို့ မမှတ်နဲ့ မြတ်စွာဘုရားကိုတိုက်ခိုက်တဲ့

မာရ်နတ်ရဲ့တိုက်ပွဲဟာ ဗောဓိပင်အောက်မှာ မပြီးဘူး။ မာရ်နတ်ကိုယ်တိုင်ကိုက နောက် (၇) နှစ်ကြာတော့

မြတ်စွာဘုရားကိုလျှောက်တဲ့ စကားတစ်ခု ရှိတယ်။ မာရ်နတ်ကြီး ဗောဓိပင်အောက်မှာ ရှုံးနိမ့်ပြီးတော့ သိကြား

ဗြဟ္မာ နတ်ဒေဝါ နဂါးတွေ အောင်ပွဲဆင်ပြီးတဲ့ နောက်ပိုင်းမှာ မာရ်နတ်ဟာ လက်လျော့ပြီးတော့

နောက်ဆုတ်သွားတာ မဟုတ်ဘူး အဲ့ဒါကို အားလုံးသတိပြုရလိမ့်မယ်။အောင်ပြီဆိုပြီးတော့ စိတ်ချလက်ချနေလို့

မဖြစ်ဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ မာရ်နတ်က မြတ်စွာဘုရားရဲ့ (၄၅) နှစ်ဘဝမှာ သူကိုယ်တိုင် ပြောတာက

ဗုဒ္ဓကိုအနှောက်အယှက်ပေးဖို့ ဗုဒ္ဓမြတ်စွာရဲ့နောက်က ခြေရာနင်းပြီး လိုက်ခဲ့တာ ၇နှစ်ကြာတယ်။ အဲ့ဒါကြောင့်

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအောင်ပြီးဆိုပြီးတော့ မျက်စိမှိတ်အိပ်နေလို့ မဖြစ်ဘူး။
မာရ်နတ်အမြဲတမ်းနောက်ကနေ ရှိနေတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ခြေရာတောင် (၇)

နှစ်နင်းလိုက်သေးတာ။ ပုထုဇဉ်တို့ရဲ့ ခြေရာကို နင်းလိုက်ဖို့ရာ
မာရ်နတ်မှာ အမြဲတမ်း အကြံအစီရှိတယ်။ အဲ့ဒါကို အားလုံးသတိပြုဖို့ လိုနေလိမ့်မယ်။

နောက်လောကနီတိမှာ စကားတစ်ခုရှိတယ်။ ထမင်းစားကောင်းတယ်ဟေ့ ထမင်းတွေက ကောင်းတာ

ဟင်းတွေက ကောင်းတာ ချီးမွန်းမစောနဲ့ အဲ့ဒီထမင်းပွဲကို အစာကြေတော့မှ ချီးမွန်းခန်းဖွင့်ပါ။ ငါ့မိန်းမ

ငါ့ယောင်္ကျား အကျင့်စာရိတ္တကောင်းလိုက်တာ ညားခါစလေးမှာချီးမွန်းခန်း မဖွင့်လိုက်ပါနဲ့ဦး။ အိုပြီးတော့

အရိုးတွေ အရေတွေ ရှုံ့ပြီးတော့ အိုးမင်းရင့်ရော်တဲ့ အချိန်ရောက်မှ ချီးမွန်းခန်းဖွင့်ပါ။စစ်သူရဲကောင်းကြီးဆိုပြီး

သူ့ကိုစစ်ပွဲတစ်ပွဲမှမတိုက်ဘဲ ချီးမွန်းခန်းမဖွင့်နဲ့။ တိုက်ပွဲဆင်ပြီးတော့ အောင်မြင်လာတော့မှ သူ့ကို ရဲရင့်သော

စစ်သူကြီးလို့ ချီးမွန်းပါ။ ဒီလိုပြောပါတယ်။

အဲ့ဒါကြောင့် အောင်ပွဲဆင်ပေမယ့် မြတ်စွာဘုရားကိုယ်တော်ရဲ့နောက်ကနေ မာရ်နတ် ဘယ်နှစ်နှစ်လိုက်လဲ။

၇နှစ်လိုက်တယ်။ နှိုက်စရာ အပေါက်ရှာမရလို့မာရ်နတ်လက်လျှော့သွားတာ။ အဲ့ဒါကြောင့် အနှောက်အယှက်

အဖျက်အစီး အပေါက်ရှာမရအောင် တပည့်တော် သံဃာတော်တို့က အားလုံးညီညွတ်ဖို့လိုတယ်။
အဲ့ဒီတော့ ချီးမွန်းခန်းတွေ ဖွဲ့ပြီးတော့ အမျိုး ဘာသာ သာသနာအဖွဲ့ရဲ့ လုပ်ငန်းကြီး အောင်မြင်ပြီဆိုပြီးတော့

ချီးမွှမ်းသံတွေလည်း ကြားကြရမယ်။ ချီးမြှောက်သံကြားလို့ ဝမ်းမြောက်ကြည်နူးပြီးတော့

မြူးထူးပျော်ပါးခြင်းတွေလည်း ဖြစ်တော် မမူကြပါနဲ့။ ကဲ့ရဲ့သံတွေလည်း မွှမ်းမွန်နေအောင် ကြားရလိမ့်မယ်။
ကဲ့ရဲ့သံတွေ ပြစ်တင်သံတွေကြားရလို့ စိတ်ပျက်ငြီးငွေ့ပြီးတော့ နှလုံးမသာမယာ ဖြစ်တော်မမူကြပါနဲ့။

မြတ်စွာဘုရား မိန့်တော်မူတယ်။

ကဲ့ရဲ့သံ စွတ်စွဲသံကြားလို့ စိတ်နှလုံး မသက်သာရင် စိတ်နှလုံးမသက်မသာဖြစ်တဲ့ ပုဂ္ဂိုလ်တွေမှာ

အန္တရာယ်ရှိတယ်။အဲ့ဒါကြောင့် ချီးမွှမ်းခြင်းကြောက်လည်း ဝမ်းမမြှောက်ဖို့
ကဲ့ရဲ့ခြင်းကြောင့်လည်း စိတ်မပျက်ဖို့ ဒေါသ အာဃာတ မဖြစ်ကြဖို့ ဆရာတော် သံဃာတော်အရှင်မြတ်

အပေါင်းကို တပည့်တော် လေးနက်စွာတောင်းပန်လျှောက်ထားအပ်ပါတယ်။

တပည့်တော်တို့ ဘုရားစာတစ်ခု ရှိတယ် မဖြစ်ပေါ်သေးတာတွေ ဖြစ်ပေါ်လာကြတယ်။ မဖြစ်ပေါ်သေးတာတွေ

ဖြစ်ပေါ်လာတယ်။ ဒီနိုင်ငံမှာ ဒီလို အမျိုး ဘာသာ သာသနာစောင့်ရှောက်တဲ့ ဥပဒေသည်ရှေးတုန်းက ရှိဘူးလား။

မရှိဖူးပါဘူး။ ရွာမ ဆရာတော်ကြီးတို့ရဲ့ ခေတ်ကြမှ ဒါဖြစ်ပေါ်လာတာ။ ဖြစ်ပြီးတာတွေ ပေါ်လင့်ပြီးတာတွေလည်း

ပြောက်ပျက်ကုန်ပီ။ဘာတွေပျောက်ကုန်တာလဲ ၁၉၅၃-၅၄ ဆဋ္ဌသင်္ဂါယနာကြီး ဆင်နွဲတဲ့အချိန် နိုင်ငံတော်

ဗုဒ္ဓသာသနာအဖွဲ့ Act -အက် ဥပဒေ ပါလီမန်မှာ ပြဋ္ဌာန်းထားတယ်။ ဒီကနေ့ ရှိသေးလား။ မရှိတော့ဘူး။

ပါဠိတက္ကသိုလ် Act အက် ဥပဒေဆဋ္ဌသင်္ဂါယနာပြပွဲနဲ့အတူ ပြဋ္ဌာန်းခဲ့တာတွေ ဒီကနေ့ ရှိသေးလား မရှိတော့ဘူး။

ပါဠိ ပထမပြန် Act-အက် ဥပဒေ မရှိတော့ဘူး။ အဲ့ဒါကြောင့် ရှိပြီးသားတွေ ဖြစ်ပြီးသားတွေ အကုန်လုံး
ပျောက်ကွယ်ကုန်ပြီ။ မဖြစ်သေးတာတွေ ဖြစ်ပေါ်လာတယ်။ အဲ့ဒီတော့ ဒီကနေ့ လျှောက်ထားချင်တာက

သံဃာတော်ပေါင်း (၂၅၀၀) အင်းစိန်ဆရာတော်ဘုရား အမှူးရှိတဲ့ ဆရာတော်များ ဖြစ်ပေါ်ပြီးလို့

ပျောက်ကွယ်ကုန်တဲ့ အရာတွေကိုလည်း ပြန်လည်ပေါ်ပေါက်အောင် ကြိုးစားကြပါဦးလို့ တပည့်တော်

အလေးအနက် ဒီကနေ့တောင်းပန်ပါတယ်။ တောင်းဆိုပါတယ်။

ဗုဒ္ဓသာသနာအဖွဲ့ Act အက် ဥပဒေ ပါဠိတက္ကသိုလ် ၊ Act -အက် ဥပဒေ ၊ ပါဠိပထမပြန် Act -အက်ဥပဒေ၊

တိပိဋကဓရရွေချယ်ရေး Act - အက် ဥပဒေ၊ အကုန်လုံး မရှိတော့ဘူး။ အမျိုးရော ဘာသာရော သာသနာကိုရော

စောင့်ရှောက်ဖို့ဆိုရင် ဒါတွေအားလုံး ပြန်လည်၍ ပြဋ္ဌာန်းပေးရမယ်။ တပည့်တော်တို့ ပြည်ထောင်စု

မြန်မာနိုင်ငံတော်မှာ အခုပဲ ရွာမ ဆရာတော်ဘုရားကြီးတို့ ခေါင်းဆောင်ပြီးတော့ အမျိုးဘာသာ သာသနာ

စောင့်ရှောက်ရေး ဥပဒေလုပ်တယ်။ ဘယ်လောက်အထိ လုပ်ထားသလဲ ပရိတ်သတ် ဖတ်ကြည့်ရင်
သိပါတယ်။ ဆရာတော်လည်း ခုနက ရှင်းသွားတယ်။ ဘယ်အဖွဲ့အစည်းကိုမှ အံတုအံပြိုင် ရန်လုပ်တာ မပါဘူး။

ဘယ်အဖွဲ့အစည်း ဘယ်လူမျိုး ဘယ်ဘာသာကိုမှ နစ်နာစေတဲ့အချက် အလက်တွေမပါဘူး။ ပြောသွားတယ်

ပြောတဲ့အတိုင်းလည်းမှန်တယ်။တပည့်တော် အကြမ်းဖျဉ်းဖတ်ထားတယ်။

တပည့်တော်တစ်ခုလျှောက်မယ်။ တပည့်တော် အီရန် နိုင်ငံကိုရောက်ဖူးတယ်။ အီနိုင်ငံရဲ့ ဖွဲ့စည်းပုံတွေ

အုပ်ချုပ်ပုံတွေ အခြေခံ ဥပဒေတွေ အသေးစိတ်ကြည့် မလေ့လာနိုင်တောင် Overall ပေါ့
အကြမ်းဖျဉ်းလေး တပည့်တော် လေ့လာထားတယ်။ အီရန်နိုင်ငံမှာ အများစု လူဦးရေဟာ ပါရှန်ဆိုတဲ့ Persian

ဆိုတဲ့ လူဦးရေဟာ ၆၀ ကျော်ရာနှုန်းရှိတယ်။ အဲ့ဒီမှာ အနည်းစု ethnic community ဆိုပြီး "ကာ" Kurd

လူမျိုးတွေ ရှိတယ်။ Baloche ဆိုတဲ့လူမျိုးတွေ ရှိတယ်။ Lurish ဆိုတဲ့ လူမျိုးတွေ ရှိတယ်။ လူမျိုးပေါင်းစုံ လူမျိုး

(၅)-မျိုး (၆)-မျိုး လောက်ပေါင်းပြီးတော့ဖွဲ့စည်းထားတယ်။ Union of the Iran ပဲ ။ ဒါပေမယ့် အချက်အလက်တွေ

အများကြီးထဲက တစ်ခု တပည့်တော်တို့ ဘာတွေ့လည်းဆိုတော့ Islamic Religion is Official. အဲ့ဒါတွေ့တယ်။

Official Religion က ဘာလဲဆိုရင် Islamic .မြန်မာလိုပြောရင် တရားဝင်ကိုးကွယ်တဲ့ဘာသာသည်

အစၥလာမ္ဘာသာ။Official တရားဝင်ကိုးကွယ်တဲ့ဘာသာ ကျန်တဲ့ဘာသာတွေက တရားဝင်ဟုတ်ရဲ့လား။ ဒီကနေ့

ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အကုန်လုံးတရားဝင်တယ်။ဗုဒ္ဓဘာသာကိုတော့

လူအများစု ကိုးကွယ်တဲ့ ဘာသာလို့ အသိအမှတ်ပြုပြီးတော့ ကျန်သော ခရစ်ယာန်တွေ အစ္စလာမ်တွေ ဂျူးတွေ

ဂျိန်းတွေ နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ တရားဝင်ဥပဒေ။

အဲ့ဒီတော့ ပစ်တော့ ပစ်လိုက်တာပဲ။ သိပ်ထိပုံ မပေါ်ဘူး။ ပစ်တော့ ပစ်နေတာပဲ တဒိုင်းဒိုင်းနဲ့ သိပ်ထိပုံတော့

မပေါ်ဘူး။အဲ့ဒီတော့ သူတို့ တိုင်းပြည်တွေမှာ Pakistan ဥပဒေ လေ့လာကြည့် ဒီတိုင်းပဲ။
မလေးရှားဥပဒေကို လေ့လာကြည့်ပါ။ ဒီတိုင်းပဲ တပည့်တော်တို့ နိုင်ငံလေ့လာကြည့်တော့ အဲ့ဒီ ၅၃-၅၄ မှာ

ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ State Religion လုပ်တယ် အုပ်ကြွက်ကြွက် ဝိုင်းကန့်ကွက်တယ်။
ဒီကနေ့ မရှိတော့ဘူး။ အဲ့ဒါကြောင့် ကြိုးစားကြပေမယ့်လည်း ထင်သလောက်တော့ ပေါက်သေးမယ်မထင်ဘူး။

ပေါက်မြှောက်လိမ့်ဦးမယ် မဟုတ်ဘူးလို့ တပည့်တော်တို့ ဒီလိုပဲ သုံးသပ်မိပါတယ်။

နောက်ပြီးတော့ ရှိသေးတယ်။ Highest Authorized Person က နိုင်ငံတော်မှာ အမြင့်ဆုံးအာဏာပိုင်ပုဂ္ဂိုလ်ဟာ

ဘာသာရေး ခေါင်းဆောင်ဖြစ်ရမယ်။အီရန်ရဲ့ အခြေခံစဉ်းမျဉ်းမှာ နိုင်ငံရေးခေါင်းဆောင်ရော

နိုင်ငံတော်ရဲ့သမ္မတရော အကုန်လုံးမှာ ဘာသာရေးခေါင်းဆောင်က သူတို့ဆီမှာ အကြီးဆုံး။တပည့်တော်တို့

ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ နိုင်ငံတော် သံဃာ့နာယကအဖွဲ့ကြီးရဲ့ အနေအထားဟာ

ဘယ်မှာရှိတယ်ဆိုတာ ဆရာတော်များအကုန်လုံးသိပါတယ်။ဟိုမှာတော့ အစ္စလာမ်ဘာသာတွေရဲ့

ဘာသာရေးခေါင်းဆောင်တွေမှာ ထိပ်ဆုံးမှာနိုင်ငံရေးမှာလည်း သူအာဏာပိုင်ပဲ။ ကျန်းမာရေး

ပညာရေးမှာလည်း သူတို့က အာဏာပိုင်ပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ မတူတာတွေ အဲ့ဒီလို ရှိတယ်ဆိုတာကို
တပည့်တော်တို့ တိုင်းသူပြည်သားတွေက သံဃာတော်တွေ သိရရင် နောက်တက်စရာ အဆင့်တွေ အများကြီး

ရှိနေဦးမယ်လို့ တပည့်တော် ဒီလိုပဲ ယူဆတယ်။

နောက်တစ်ခု ဘုရားတပည့်တော် လျှောက်ထားချင်တာက ဒီလိုအမျိုးဘာသာ သာသနာစောင့်ရှောက်ရေး

လုပ်ကြတော့ သံဃာတော်အရှင်မြတ်တွေက နိုင်ငံရေးလုပ်သလားလို့ မေးခွန်းတွေ မေးစရာရှိလာတယ်။ တစ်ချို့

သံဃာတော် အရှင်မြတ်တွေကလည်း နည်းနည်း နယ်ကျော်တယ်နဲ့တူပါတယ်။ ကိုယ့်နယ်ထဲကို မနေပဲနဲ့
သူတစ်ပါးနယ်ထဲ ရောက်ပုံရတယ်။ အဲ့ဒါကြောင့် အမေးအမြန်းလည်းခံရတယ် အပြစ်တင်လည်း ခံရတယ်။

မြတ်စွာဘုရားရဲ့ စကားတစ်ခွန်းရှိပါတယ်

" မာ အ ဂေါစရေ ဘိက္ခဝေ စရထ ပရ ဝိသယေ " သူတစ်ပါးစားကျက် စားကျက်ထဲ မသွားကြနဲ့။
" ဂေါစရေ ဘိက္ခဝေ စရန္တာ သကေ ပေတ္တိကေ ဝိသေယ " ကိုယ့်စားကျက်မှာ ကိုယ်နေကြ။ဒါ ဘုရားစကား။

အဲ့ဒီတော့ သူများစားကျက်ထဲသွားတော့ ဘာဖြစ်လဲ ဆိုတော့ မြတ်စွာဘုရားက အဲ့ဒီမှာ ဇာတ်တော်လေးတစ်ခု

ဟောတယ်။တိုတိုလေး ပြောပါရစေ။ ဘာလဲလို့ဆိုတော့ လဲထဲက ထယ်ခဲကြားမှာနေတဲ့ ထယ်ခဲအောက်မှာ

သားပေါက်တဲ့ ဘီလုံးငှက်။မိုးကြီး ဝုန်းကနဲထရွာချတော့ ထယ်ခဲကြားက ပလူတွေ ပိုးကောင်တွေ ထပြန်တာ
ပလူကောင်လေးတွေ လိုက်ဖမ်းပြီးတော့ သားလေးတွေ အစာကြွေးတယ်။ ပလူ တစ်ကောင်က ကောင်းကင်

အမြင့်ကြီး ပျံသွားတော့ ဘီလုံးက လိုက်ရင်း လိုက်ရင်းနဲ့ ဘီလုံး ပေတစ်ထောင်လောက် တက်သွားတယ်။

သူ့နယ်က ထယ်ခဲကြားမှာ သူဘယ်ရောက်သွားပြီလဲ ကောင်းကင်ရောက်သွားပြီ။ကောင်းကင်မှာာ ဘာတွေ

ရှိသလဲဆိုတော့ စွန်တွေရှိတယ်။ ဘီလုံးတွေ့ရော စွန်က ခြေသည်းနဲ့ ပြေးကုတ်တယ်။ ကိုယ့်နယ်မြေကို မနေတဲ့

ဘီလုံး စွန်တို့ရဲ့နယ်မြေကိုသွားတဲ့ ဘီလုံး စွန်ဖမ်းတာ ခံရတယ်။ ကိုယ့်စားကျက်မှာ ကိုယ်နေကြပါ။

ကံကောင်းချင်တော့ စွန်ရဲ့ခြေသည်းကြားမှာ ဘီလုံးခေါင်းလေး ညှပ်မိရဲ့ဖြစ်သွားတယ်။ ခေါင်းကိုခြေသည်းတွေနဲ့

မပေါက်မိဘူး။အသက်ချမ်းသာရာ ရတယ်။ အဲ့ဒီတော့ သူက သတ္တိကောင်းတဲ့အကောင်ဆိုတော့ မလျော့ဘူး

ဘာပြောသလဲဆိုတော့ " ဟေ့ မာစတာ စွန် ငါ့နယ်မြေထဲ ငါမနေမိလို့ မင်းနယ်မြေထဲကို

ကျူးကျော်ဝင်ရောက်လာလို့ မင်းငါ့ကို ဖမ်းတာ။ ဒါမင်းနယ်မြေ မင်းလုပ်ပိုင်ခွင့်ရှိတာ လုပ်ပေါ့ကွာ အကယ်၍

ငါ့နယ်မြေထဲမှာဆိုရင် ငါမင်းကိုစစ်ပြန်တိုက်ရဲတယ် "။ မင်းနယ်မြေက ဘယ်မှာလဲဆိုတော့ လယ်ထဲက ထယ်ခဲ။
မင်းတကယ်တိုက်မှာလား " တိုက်မယ် " ဒါပေမယ့် ငါ့ထယ်ခဲကြား ပြန်ပို့ဆိုတော့ စွန်ကြီးကို အသည်းယား

အူယားအောင် ဘီလုံးက ရန်စကားပြောတာ။

အူယားလာလေလေ အဲ့ဒီကောင် ရှုံးတော့မယ်မှတ် မခံချည့်မခံသာပြောလို့ အူယားလာလေလေ အဲ့ဒီကောင်

ဘယ်ဘက်နီးနေပီလဲ ရှုံးတော့မယ်။အူယားတော် မမူကြပါနဲ့။ ဘာပဲ ပြောပြော။ အူယားလာရင်တော့ ရှုံးလိမ့်မယ်။

အဲ့ဒီတော့ ဘီလုံးလယ်ထဲပြန်ရောက် သားလေးတွေ အစာကြွေး ရေတိုက် သူလည်း ဝအောင်စားပြီးတော့

ထယ်ခဲပေါ်တက် မတ်တပ်ရပ်တယ်။

"ဟေ့ ကောင်းကင်ကို အုပ်စိုးတဲ့ စွန် ငါ့နယ်မြေထဲတော့ ငါရောက်ပြီ ဒီအချိန်ဟာ တို့တိုက်ခိုက်ရမယ့် အချိန်ပဲ

စစ်ပွဲစမယ်။" ဘီလုံးငှက်က ကြေညာတော့ စွန်က ဒေါထနေတာ။ အဲ့ဒီတော့ overspeed နဲ့ ကောင်းကင်ကနေ

တအားထိုးဆင်းတာ။ထယ်ခဲပေါ်မှာ ရပ်နေတဲ့ ဘီလုံးလေးက စွန်ကြီး ရောက်ခါနီးမှာ ဖြုတ်ခနဲ့ဆိုပြီး
ထယ်ခဲအောက် ငုပ်သွားတာ။ ဟိုကောင်က Speed လွန်နေတော့ ထိန်းနိုင်သေးလား အရှိန် မထိန်းနိုင်တဲ့စွန်ဟာ

ထယ်ခဲနဲ့ ရင်ဖတ်နဲ့တိုက်လို့ ထယ်ခဲကြားမှာ ရင်ခွဲလို့ သေတယ်။ အားလုံး Overspeed မဖြစ်အောင်

ထိန်းတော်မူကြပါ။ ဆရာတော် သံဃာတော်များ ဘုရား။ ကိုယ်နယ်မြေမှာကို ကိုယ် အင်အားရှိပါစေ။ နယ်မြေ

မကျူးကျော်ဖို့ရန် မရေးကြီးတယ်လို့ အဲ့ဒီဇာတ်တော်ဖြင့် အရှင်ဘုရားများကို တပည့်တော်

အားပေးတိုက်တွန်းပါတယ်။

ဒီတော့ ဒီလိုအလုပ်တွေ လုပ်နေတာဟာ သံဃာတော် အရှင်မြတ်တွေ နိုင်ငံရေးလုပ်သလားလို့ မေးစရာ

ရှိပါတယ်။တပည့်တော် လျှောက်ထားချင်တာကတော့ သာသနာရေးနဲ့ လူမှုရေးကို ဆရာတော် သံဃာတော်များ

အင်တိုက် အားတိုက် ဆောင်ရွက်တော် မူကြပါ။ ဒီကနေ့ ဒီနိုင်ငံတော်ရဲ့အခြေအနေဟာ ဒီနှစ်ခုကို တွဲလုပ်နိုင်မှ

အမျိုးကိုလည်းစောင့်ရှောက်နိုင်မယ် ဘာသာကိုလည်း စောင့်ရှောက်နိုင်မယ်။ သာသနာလည်း

စောင့်ရှောက်နိုင်မယ်။ ပရိယတ် ပဋိပတ် တစ်ခုတည်းကိုချည်း တန်းပြီးတော့ စွတ်ပြီးတော့ လုပ်နေရင်

လူမှုရေးကျန်နေခဲ့ရင် တပည့်တော်တို့ အမျိုးသား အမျိုးသမီးလေးတွေ ဆုံးရှုံးလိမ့်မယ်။ လူမှုရေးချည်းပဲ ဖိလုပ်

ဘာသာရေး သာသနာရေး အဲ့ဒါလည်းပဲ ကြာရင် ဆုံးရှုံးသွားတတ်တယ်။

အဲ့ဒီတော့ တပည်တော် တစ်ခုပြောချင်တာက ၁၉၁၇ ခုနှစ်က ရုရှားနိုင်ငံမှာ တော်လှန်ရေးတစ်ခု

အကြီးအကျယ်ဖြစ်တယ်။ အောက်တိုဘာ တော်လှန်ရေးလို့ ကမ္ဘာ့ သမိုင်းတွေမှာ ရေးကြတယ်။
၁၉၁၇ ခုနှစ် အောက်တိုဘာလမှာ လီနင်တို့ ကွန်မြူနစ်ဝါဒကို ကြိုက်ပြီးတော့ တိုင်းပြည်မှာ

ကွန်မြူနစ်ဝါဒထူထောင် ပြီးတော့ ဘုရင်တွေ ကိုအကုန်လုံးဖြုတ်ချတယ်။ ဇာဘုရင်
ပီတာဘုရင်တို့ အဲ့ဒီမှာ အကုန်လုံး ဘုရင်နှင့်တကွ နန်းတွင်းသူ နန်းတွင်းသားအားလုံး အသတ်ခံရတယ်။

တပည့်တော် ရုရှားနိုင်ငံကို (၄)ခေါက်( ၅)ခေါက်လောက် ရောက်ဖူးပါတယ်။ ခရစ်ယာန် Christian Orthodox

အလွန်များတယ် ရှေးဟောင်းခရစ်ယာန်။ သူတို့ရဲ့ Church ဘုရားကျောင်းကြီးတွေက အစ္စလာမ်ဘာသာဝင်တွေရဲ့

ကျောင်းကြီးတွေလို အလုံးကြီးတွေ အခုံးကြီးတွေ အဲ့ဒီအလုံးကြီးတွေ အကုန်လုံးဟာ အကုန်ရွှေတွေနဲ့ချည်း

လုပ်ထားတယ်။ အလွန်ဘာသာရေး မြတ်နိုးတဲ့ရှေးဟောင်း ရုရှားတွေ။ ခရစ်ယာန် ဘုန်းတော်ကြီးတွေ
အကုန်လုံးသတ်ခံရတယ်။ အဲ့ဒီ ရွှေဘုရားကျောင်းကြီးတွေက ရွှေတွေကို အကုန်လုံး လီနင်တို့ အဖွဲ့က

ခွာယူသွားကြတယ်။

တပည့်တော်တို့ရဲ့ ရွှေတဂုံကို သခင်စိုး ဘာပြောဖူးသလဲ အားလုံး သတိရမှာပါ။ အဲ့ဒီတော့ ရုရှားပြည်မှာ

တော်လှန်ရေးဖြစ်ပြီ မြေရှင်တွေ အာဏာရှင်တွေကို အကုန်လုံး ကွန်မြူးနစ်ပါတီက
တိုက်ခိုက်ချေမှုန်း ဘာသာရေးအဖွဲ့အစည်းတွေ အကုန်လုံးချေမှုန်းတော့ လီနင်ရဲ့ ကွန်မြူနစ်ပါတီကြီးက

ဥရောပထဲကို စိမ့်ပြီးတော့ တဖြည်းဖြည်းဝင်လာတယ်။ ဟန်ဂေရီတို့ ဘူဂေးရီယားတို့ ရူမေးနီးယားတို့ ပိုလန်တို့

ကွန်မြူနစ်ခေတ်ကို ဆိုဗီယက်ယူနီယံ ဆိုတာကို ပြန်ကြည့် နိုင်ငံပေါင်း ၁၅ နိုင်ငံလောက်ကို သိမ်းပြီးတော့

အကုန်လုံး ကွန်မြူနစ်ထဲထည့်ထားတာ။ အဲ့ဒီတော့ ဘယ်မှာ လှုပ်လှုပ်ဖြစ်သလဲဆိုတော့ ကွန်မြူနစ်ဝါဒကြီး

ဥရောပကို စိမ့်ဝင်တဲ့အချိန်မှာ အီတလီနိုင်ငံ ရောမမြို့ ပုပ်ရဟန်းမင်းကြီးရဲ့ နန်းတော်ကြီး လှုပ်လှုပ်ဖြစ်လာတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ နန်းတော်ကြီးလှုပ်လှုပ်ဖြစ်လာတော့ ကွန်မြူးနစ်သာ တို့တိုင်းပြည်ကို လွှမ်းမိုးရင်

ပုပ်ရဟန်းမင်းကြီးရဲ့ ဘဝတောင် ဘယ်လိုနေရမှန်းမသိ။ အဲ့ဒီတော့ ဘာထလုပ်သလဲဆိုတော့
ဗာတီကန် နန်းတော်မှာ ရှိကြတဲ့ Roman Catholic ဘုန်းတော်ကြီးများနဲ့ တိုင်းသူပြည်သား ပေါင်းပြီးတော့

Anti-communism ကွန်မြူနစ်ဆန့်ကျင်ရေး ဝါဒ စတင်ပြီးတော့ သူတို့ ကြိုးပမ်းကြတယ်။
ကွန်မြူနစ်ဆန့်ကျင်ရေးဝါဒကိုကြိုးပမ်းရင် ကွန်မြူးနစ်ကို ဘာသာရေးနဲ့တိုက်မှပဲ ရတော့မယ်ဆိုပြီးတော့

နိုင်ငံရေးပါတီတွေထောင်တော့ Christian Democratic Party (CDP)။ ပြန်ပြောမယ် ပရိတ်သတ်ရေ
ရောမမှာ ဘာထောင်သလဲဆိုတော့ ခရစ်ယာန်ဒီမိုကရက်တစ် ပါတီ။ ဘာသာရေးသည် နိုင်ငံရေးထဲကို

သေသေချာချာ ဝင်သွားတာမို့လား။ Christian Democratic Party ဆိုပြီးထောင်ပြီး ချလိုက်တော့မှ
ရောမကို ကွန်မြူနစ်မဝင်နိုင်ပဲနဲ့ ကွန်မြူနစ်တွေ နောက်ပြန်ဆုတ်သွားတယ်။

အဲ့ဒီတော့ Christian Democratic Party အီတလီမှာ ၁၉၁၉- ခုနှစ်က ထောင်ပြီးတော့ ပေါ်ပြူလာ အဖြစ်ဆုံးနဲ့ မဲ

အရဆုံးဟာ အဲဒီ Christian Democratic Party ပဲ။

ဂျာမဏီက ဘာထထောင်လိုက်လဲဆိုတော့ Christian Democratic Union ဆိုပြီး

ဂျာမဏီကထောင်လိုက်တယ်။ ဂျာမဏီလည်း ကွန်မြူနစ် လွှမ်းမိုးခြင်းကို မခံလိုက်ရဘူး။

တစ်နိုင်ငံလုံးကိစ္စ တစ်မျိုးသားလုံးကိစ္စ အမျိုးသားရေးကိစ္စမှာ တပည့်တော်တို့ သံဃာတော်အရှင်မြတ်တွေ

မျက်စိကျယ်ကျယ် နားကျယ်ကျယ်ဖွင့်ပြီးတော့ အနာဂတ်ကို အရှည် အရှည်မျှော်ပြီးတော့ သတိရှိရှိနဲ့

စောင့်ကြည့်တော်မူကြပါဆိုတာကို တပည့်တော် လျှောက်ပါတယ်။

အဲ့ဒီတော့ Christian Democratic Party ဆိုတာ ဥရောပ တခွင်လုံးပြန့်သွားတယ်။ အီတလီတို့ ဂျာမဏီတို့

ဆွစ်ဇာလန်တို့ကို ကွန်မြူးနစ်တွေ မဝင်နိုင်ပဲ ဖြစ်သွားတယ်။ အဲ့ဒီတော့ တပည့်တော်လျှောက်တာ

သံဃာတော်အရှင်မြတ်တွေ နိုင်ငံရေးထဲ ပါဝင်ရမယ်လို့ လျှောက်ခြင်းမဟုတ်ပါဘူး။ သတိရှိရှိနဲ့ စောင့်ကြည့်ဖို့ကို

တပည့်တော်လျှောက်တာ ဖြစ်ပါတယ်။ ခုနကပြောထားပြီးပြီ ဘီလုံးက သူ့နယ်မြေဘယ်မှာလဲ လယ်ထဲက ထယ်ခဲ

စွန်ရဲ့နယ်မြေက ဘယ်မှာလဲ ကောင်းကင်မှာ ကိုယ့်စားကျက်မှာ ကိုယ်နေပြီးတော့ စောင့်ကြည့်ဖို့

တပည့်တော်လျှောက်ထားခြင်းဖြစ်ပါတယ်။

Christian Democratic Party ဒီကနေ့ ဥရောပတစ်ခွင်မှာ အဲ့ဒါတွေ အရိပ်အမြွက်မှ ကျန်လျှက်ရှိပါသေးတယ်။

နောက်တော့ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသွားတဲ့အခါ တိုင်းရေး ပြည်ရေးတည်ငြိမ်မှု တွေပြန်ရတဲ့အချိန်မှာ Roman

Catholic ဘုန်းတော်ကြီးများက တို့တတွေ နိုင်ငံရေး မှာ ဝေးဝေးနေပြီးတော့ လူမှုရေးပဲဆောင်ရွက်ကြရအောင်

ဆိုပြီးတော့ လူမှုရေးကို (၂) မျိုးဆောင်ရွက်ပါတယ်။ (၁) မျိုးက ဘာလဲဆိုတော့ တိုင်းပြည်မှာ Social Injustice

လူမှုရေးတရားမမျှတမှုတွေ တိုင်းပြည်မှာ အများကြီးဖြစ်နေတယ်။social injustice လူမှုရေးရာကိစ္စတွေမှာ

တရားမမျှတတာတွေ အများကြီးရှိတယ် တပည့်တော်တို့ အဲ့ဒါတွေကို Social Justice ဖြစ်အောင်

လုပ်မယ်ဆိုပြီးတော့ Roman Catholic ဘုန်းတော်ကြီးများ ဆောင်ရွက်ကြတယ်။

နောက်တစ်ခါ လူမှုရေးရာကိစ္စတွေမှာ လူတွေဟာ စားရေး နေရေး ဝတ်ရေး ဆင်းရဲကြပ်တည်း လေဘေးတို့

ရေဘေးတို့ စသည်ဖြင့် ဘေးဒုက္ခရောက်ရင် လူတွေဟာ စားဝတ်နေရေး အလွန်ဆင်းရဲ ကြပ်တည်းကြတယ်။

အဲ့ဒီလို ကိစ္စတွေမှာ တို့များပါဝင် ပူပေါင်းဆောင်ရွက်ကြမယ်။ Social Welfare လူမှုရေး ပြေလည်မှု ၊ လူမှုရေး

စီးပွားရေး တွေ ပြေလည်မှုရအောင် ဆောင်ရွက်မယ်။ တရားမမျှတတဲ့ ကိစ္စကို တရားမျှတအောင်

ဆောင်ရွက်မယ်ဆိုပြီးတော့ နိုင်ငံရေးမှ ဝေးဝေးရှောင်ပြီးတော့ Roman Catholic ဘုန်းတော်ကြီးတွေဟာ
၁။ Social Justice
၂။ Social Welfare
လူမှုရေးရာ မတရားမှုများနဲ့ လူမှုရေးဆင်းရဲမွဲတေမှုများကို ဆောင်ရွက်သွားကြတာ ဒီကနေ့ အဲ့ဒီအရေးနှစ်ပါးကို

ဆောင်ရွက်တဲ့အတွက်ကြောင့် Roman Catholic ဘာသာဟာ ကမ္ဘာမှာ ကျယ်ပြန့်တဲ့ ဘာသာတစ်ခုဖြစ်ပါတယ်။

အဲ့ဒါကြောင့်ဆရာတော် သံဃာတော် အရှင်မြတ်တို့ဘုရား ရုရှားပြည် မဟာအောက်တိုဘာတော်လှန်ရေးက

စပြီးတော့ ဥရောပပြည်တခွင်လုံးက ဘာသာရေးတွေကို ခြိမ်းခြောက်ခံရတဲ့ အခါမှာ Roman Catholic

ဘုန်းတော်ကြီးတွေဟာ Christian Democratic Party ဆိုတာတွေကို တည်ထောင်ပြီးတော့

တိုင်းသူပြည်သားတွေနဲ့လက်တွဲပြီးတော့ ဘာသာတရားတွေ မပျောက်ကွယ်သွားအောင်

ထိန်းသိမ်းစောင့်ရှောက်သွားကြသလိုပဲ တပည့်တော်တို့ မြန်မာနိုင်ငံမှာလည်းပဲ ဗုဒ္ဓဘာသာ (၉၅) ရာခိုင်နှုန်း

ကိုးကွယ်တဲ့ ဒီဗုဒ္ဓဘာသာကိုလည်းပဲ အမျှော်အမြင်ကြီးစွာနဲ့ ကာကွယ်စောင့်ရှောက်တော်မူကြရန်ဖြစ်ကြောင်း

အဲ့ဒီလိုအရေးကိစ္စတွေ ပြီးသွားလို့ရှိရင်လည်းပဲ Social Justice ဆိုတဲ့ ကိစ္စနဲ့ Social Welfare ဆိုတဲ့
ကိစ္စမှာ ဘာသာရေး သာသနာရေးနဲ့လက်တွဲပြီးတော့ ဆောင်ရွက် သွားကြပါဆိုတဲ့ အကြောင်းကို

ဘုရားတပည့်တော် ရိုသေစွာလျှောက်ထားပါတယ် ဘုရား။

ဘုရားတပည့်တော် နိဂုံးချုပ်ရမယ်ဆိုလို့ရှိရင် အားလုံး လောက၊ ဓမ္မ ၂ -ဋ္ဌာနမှာ ဓမ္မဝိနယနဲ့လျော်ညီစွာ

ကျင့်သုံးပြီးတော့ အစွန်းနှစ်ဘက်လွတ်အောင်ရှောင်ပြီးတော့ သာသနာအကျိုးနဲ့ ပြည်သူ ပြည်သားတို့ရဲ့ အကျိုးကို

ဆောင်ရွက်တော်မူကြဖို့ ဖြစ်ပါတယ်။အစွန်းနှစ်ဘက်ကို ပြောတဲ့အခါမှာ ပြောစရာ စကားတွေ အများကြီး

ရှိပါတယ်။

ဒီကနေ့တော့ ဘုရားတပည့်တော် နှစ်မျိုးပဲပြောပါရစေ။
ပိယ ဆိုတာ အစွန်းတစ်ဘက်ပါ။ အပိယ-ဆိုတာလည်း အစွန်းတစ်ဘက်ပါ ။
အားလုံးကြားလောက်ပါတယ် ပိယ ရယ် အပိယရယ်။ပိယ-ဆိုတာ တစ်ယောက်ယောက်ကို ချစ်ပြီးတော့

မျက်နှာသာပေးတာ။ အပိယ-ဆိုတာက တစ်ယောက်ယောက်ကို မုန်းပြီးတော့ ဖိနှိပ်ရှုတ်ချ ပုတ်ခတ်တာ။

အဲ့ဒါကြောင့် ချစ်သူလည်း မထားဖို့ အရေးကြီးတယ်။ မုန်းသူမှလည်း လွတ်အောင် ရှောင်ဖို့ အရေးကြီးပါတယ်။

သိကြားမင်း မြတ်စွာဘုရားကို မေးဖူးတယ်လေ။ ဘေးရန်ကင်းကွာ ချမ်းသာစွာနေရပါလို၏ ဆုတောင်းတယ်

ဆုတောင်းမပြည့်ဘူး။ ဘေးရန်တွေ သိပ်များတယ်။ အဲ့ဒါဘာဖြစ်လို့လဲ "ဣဿာ မစ္ဆရိယ" ကြောင့်။
"ဣဿာ မစ္ဆရိယ " ဘာကြောင့်ဖြစ်သလဲ ချစ်ခြင်းနဲ့ မုန်းခြင်းကြောင့် ချစ်သူကို Favour ပေးလိုက်ရင်

မုန်းသူကိုတော့ Pressure ပေးမှာပေါ့။ အဲ့ဒီ ၂-မျိုးမှာ လွတ်အောင်ရှောင်ပြီးတော့ ဓမ္မဝိနယ -နဲ့ အညီ တိုင်းကျိုး

ပြည်ကျိုး သာသနာကျိုးကို ဆောင်ရွက်တော်မူသွားကြပါလို့ ဘုရားတပည့်တော်က အလေးအနက်

လျှောက်ထားပါတယ်။

နောက်တစ်ချက်ကတော့ ရှေးဦးစွာ Story လေးကိုပြောပါမယ်။ သာတိ-ဆိုတဲ့ ရဟန်း အဲ့ဒီရဟန်းတော်ဟာ

သံဃာတော်အရှင်မြတ်တွေ တွေ့တိုင်း သူလျှောက်ပြောတာ။ ဘာပြောလဲဆိုတော့ " မြတ်စွာဘုရားက လူရဲ့

ဝိဉာဉ်တစ်ခုသည် Internal Consciousness မပျက်မစီးသော ဝိဉာဉ်သည် သံသရာမှာ တစ်ဘဝမှ

တစ်ဘဝသို့ လည်နေတယ်တဲ့။ ဒါ အတ္တဝါဒ။ အဲ့ဒါမြတ်စွာဘုရား ဟောတယ် ဘုရားဟောတာကို

သူသိတယ်ဆိုပြီးတော့ လိုက်ပြီး ကိုယ်တော်တွေ လိုက်ပြောတယ်။ ပြောတော့ သံဃာတော်အရှင်မြတ်တွေက ဟဲ့

သာတိ ဘုရားရင်က ရုပ်ရော ဝေဒနာရော သင်္ခါရရော ဝိဉာဉ်ရော မပျက်မစီးပဲ သံသရာလည်တယ်ဆိုတာ

တို့ဘုရား မဟောဘူး။ ဘာဝိဉာဉ် ဖြစ်ဖြစ် ဝိဉာဉ်မှန်သမျှ ပျက်စီးတဲ့အထဲမှာ ရှိတယ်။
" မာ ဘဂဝန္တံ အဘူတေန အဗ္ဘာစိက္ခိ " မြတ်စွာဘုရားကို မဟုတ်တဲ့ စကားနဲ့ မစွတ်စွဲပါနဲ့။
" န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ " ဘုရားမဟောတာကို ဘုရားဟောတယ်လို့ စွတ်စွဲခြင်းဟာ ဒါမကောင်းဘူး။

လို့ သာတိ ရဟန်းကို ဆုံးမပြီးတော့ ဘုရားထံ ပို့ရတယ်။ (ဒီဝတ္ထု ဒီမှာပဲထား။)

တပည့်တော်ပြောချင်တာက အရပ်မှာ တိုင်းပြည်မှာနေကြတဲ့ သူတွေ အထူးသဖြင့်တော့ website တို့

ဖေ့ဘွတ်တို့မှာတင် ပြီးတော့ ရေးကြတဲ့သူတွေ ဂျာနယ်တွေ မဂ္ဂဇာင်းမှာရေးကြတဲ့ ပုဂ္ဂိုလ်တွေ မပြောတာကို

မပြောတဲ့အတိုင်းပဲရေးပါ။ ပြောတာကိုပြောတဲ့အတိုင်း ရေးပါ။ မပြောတာတွေကို ပြောတယ်လို့လုပ်ပြီးတော့

ပြောတာတွေကို မပြောသလို လုပ်ပြီးတော့ ပြောင်းပြန်မလုပ်ကြပါနဲ့ လို့ အဲ့ဒါတော့ အထူးပဲ

မေတ္တာရပ်ချင်ပါတယ်။

နောက်နိဂုံးစကားက ဘာလဲ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဒီအမျိုးဘာသာ

သာသနာစောင့်ရှောက်ရေး ဥပဒေ(၄)ရပ်ဘယ်လိုပဲ ပြဋ္ဌာန်းလိုက်စေကာမူ နောက်ဒါထက်တိုး၍

ဥပဒေတွေလာချင်လည်း လာပါစေ တပည့်တော်တို့ ဘုရားသားတော် သံဃာတော်တွေဟာ
မြန်မာမြေပေါ်မှာ ရှိနေကြတဲ့ တခြားဘာသာတရားတွေနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ၍ နေထိုင်သွားမည်ဖြစ်ကြောင်း

တပည့်တော် ဒီနေရာကနေပြီးတော့ သံဃာတော်များကိုလည်း လျှောက်ပါတယ်။ ပရိတ်သတ်များကိုလည်း

ပြောပါတယ်။ တခြားဘာသာဝင်များကိုလည်း ကြေညာပါတယ်။

(၁) Mutual Understanding Each Other အချင်းချင်းအပြန်အလှန်တစ်ယောက်နဲ့တစ်ယောက်

နားလည်မှုတွေ တည်ဆောက်ပြီး နေသွားကြပါစို့။
(၂) Mutual Respect in Each Other ဘာသာရေးအဖွဲ့အစည်းတစ်ခုနဲ့တစ်ခု အပြန်အလှန် ရိုသေ လေးစားစွာ

တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံပြီးတော့ သွားကြပါစို့။
(၃) Non-interference in Each Other. ဘာသာရေးအဖွဲ့အစည်းတစ်ခုက အခြားဘာသာရေးအဖွဲ့အစည်း

တစ်ခုသို့ အတွင်းသို့ ဝင်ရောက်စွက်ဖက်ခြင်း
မပြုပဲနဲ့ ငြိမ်းချမ်းစွာနေထိုင်သွားပါစို့။
(၄) Non-violence , co-existence , avoidance the violence
ဆူပူသောင်းကြမ်းခြင်းတို့ကို ရှောင်ရှား၍ ငြိမ်းချမ်းစွာ လက်တွဲ၍ အတူနေထိုင်သွားကြပါစို့။
(၅)Co-existence Peacefully with the great tolerance
ကြီးကျယ်မြင့်မြတ်စွာ သီးခံခြင်းတရားကိုလက်ကိုင်ထား၍ မည်သည့်ဘာသာရေး
အဖွဲ့အစည်းတွင်မဆို ငြိမ်းချမ်းစွာ လက်တွဲပြီးတော့ အတူနေထိုင်သွားကြပါစို့လို့ အေးချမ်းစွာလက်တွဲနေထိုင်ရေး

မူ(၅)ချက်ကို ဘုရားတပည့်တော် ဒီကနေ့ ဒီနေရာကနေ ကြေညာပါတယ်။

၁၉၅၄ ခုနှစ်က သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ မြန်မာနိုင်ငံက ဝန်ကြီးချုပ် ဦးနုရယ် အန္ဒိယဝန်ကြီးချုပ် နေရူးရယ်

တရုတ်ဝန်ကြီးချုပ် ချောင်ရီလင်းရယ် အဲ့ဒီဝန်ကြီးချုပ် (၃)ယောက် ခေါင်းဆောင်ပြီးတော့

ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်ရေး မူ(၅)ချက်ဆိုတဲ့ Five principles For the Peacefully Co-existence

ဆိုတာကို ချမှတ်သလိုပဲ ဒီနေ့အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးကလည်း
ဒီအတိုင်းပဲကျင့်သုံးသွားမှာပါ။ တစ်ယောက် တစ်ယောက် နားလည်မှုရအောင်ယူမယ်။

တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီး ဆက်ဆံမယ်။ တစ်ဘာသာက တစ်ဘာသာထဲကို

ဝင်ရောက်စွက်ဖက်ခြင်း ဘာမှ မပြုဘူး။ ပဋိပက္ခဖြစ်တာကို ကြိုးစား၍ရှောင်မယ်။ ကြီးမားသော သည်းခံခြင်းနဲ့

မြန်မာမြေပေါ်မှာရှိတဲ့ ဘယ်ဘာသာဝင်များနဲ့မဆို တပည့်တော်တို့ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း
လက်တွဲနေထိုင်သွားကြပါစို့လို့ ငြိမ်းချမ်းရေး မူ(၅)ချက်ကို ကြေညာခြင်းနဲ့အတူ တပည့်တော်ရဲ့ သြဝါဒကထာကို

ဒီမှာပဲ နိဂုံး အဆုံးသတ်ရပါကြောင်း ဆရာတော် သံဃာတော် အရှင်မြတ်အပေါင်းတို့ဘုရား။

သာဓု သာဓု သာဓု
_/\_ _/\_ _/\_

ဤတရားတော်အား အသံနားထောင်၍ ရေးရသောကုသိုလ်တို့ကြောင့် တိုင်းပြည်နှင့်သာသနာတော်အတွက်

ကြီးစွာသော အလုပ်အကြွေးအထောက်အပံ့အစောင့်အရှောက် ပြုရပါလို၏။

တရားချစ်ခင်သူတော်စင်များ ကျန်းမာချမ်းသာကြပါစေဗျာ။
မောင်ပေတိုး (ရေးသားပူဇော်သူ)

Credit - သီတဂူသတင်း
https://m.facebook.com/sitagumm?refid=13&_ft_=top_level_post_id.143226019364866%3Atl_objid.143226019364866%3Athid.100010324057280