နိဗ္ဗာန် မရမီ ဘဝတိုင်း ဆုံတွေ့ချင်သူတွေ အတွက်
အင်္ဂုတ္တရနိကာယ် ပုညာဘိသန္ဒဝဂ် ပထမ သမဇီဝိသုတ်မှာ -
လမ်းညွှန်ဟောကြားထားတာ ရှိတယ် ။
-
ဘဂ္ဂတိုင်း သုသုမာရဂိရမြို့မှာ မြတ်စွာဘုရား သီတင်းသုံးစဉ်ကပေါ့။
မြတ်စွာဘုရားက နံနက်ရောက်တော့ သင်းပိုင် , ကိုယ်ဝတ်တွေကို
သေသပ်စွာ ဝတ် , သပိတ်တွေ ယူပြီး နကုလပိတာနဲ့ နကုလမာတာတို့
ဇနီးမောင်နှံအိမ်ကို ကြွတယ် ။
အကြောင်းမဲ့ ကြွတာ မဟုတ်ဘူး ။ ရှိခဲ့ဖူးတဲ့ ကျေးဇူးကို ပြန်ဆပ်ချင်လို့ ။
နကုလပိတာဟာ ဘဝငါးရာ မြတ်စွာဘုရားရဲ့ ဖခင် , ဘထွေး ဦးလေး ဖြစ်ခဲ့ဖူးတယ်။
ဒီအတူ -နကုလမာတာဟာလည်း ဘဝငါးရာ မြတ်စွာဘုရားရဲ့ မိခင် , အဘွား ,
ဒေါ်လေး အရီး ဖြစ်ခဲ့ ဖူးတယ် ။
-
အိမ်ရောက်တော့ ဘဝအဆက်ဆက် သံယောဇဉ် ဖြစ်ခဲ့တဲ့အတွက် နကုလပိတာတို့
ဇနီးမောင်နှံဟာ မြတ်စွာဘုရားကို " ချစ်သား , ချစ်သား " လို့ နှုတ်က အလိုလို ထွက်မိတဲ့အထိ ဖြစ်တယ် ။ ပြီးတော့
မြတ်စွာဘုရားကို မြင်တာနဲ့ တပြိုင်နက် တောသာပန် တည်တယ် ။
နကုလပိတာဟာ မြတ်စွာဘုရားကို ဒီလို လျှောက်တယ် ။
"ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား , တပည့်တော်သည် ငယ်ရွယ်စဉ်အခါ
ကပင်လျှင် နကုလမာတာကို ထိမ်းမြားလက်ထပ် ခဲ့ပါတယ် ။
ထိမ်းမြားပြီး ချိန်က စလို့ ယနေ့အထိ တခြားသော အမျိုးသမီးနှင့်
ဖောက်ပြန်ကျူးလွန်ခြင်း မရှိပါ ။
တပည့်တော်သည် ယခုမျက်မှောက် ဘဝ၌လည်း နားလည်မှုများစွာနဲ့ မခွဲမခွာ
သက်ဆုံးတိုင် ထာဝရ လက်တွဲသွားလိုပါတယ် ။
အဲဒီအတွက် ဘယ်လို ကျင့်ကြံနေထိုင်ရမယ် ဆိုတာ လမ်းညွှန်တော်မူပါ ဘုရား ။
ဒီအခါ -
နကုလာမာတာလည်း အားကျမခံ နကုလပိတာ ပြောတဲ့ အတိုင်း
ပြန်လျှောက်တယ် ။ သူလည်း နကုလပိတာမှ တပါး အခြား
အမျိုးသားနဲ့ ဖောက်ပြန်ကျူးလွန်ခြင်း မရှိပါ ပေါ့ ။
--
ဒီနေရာမှာ နကုလပိတာတို့ကိစ္စကို စကားရပ်ပြီး ပြောစရာတစ်ခု သတိရတယ် ။
လူနှစ်ယောက်ဟာ အခု ပစ္စုပ္ပန်ဘဝမှာ တွေ့ကြုံဆုံတွေ့ ပေါင်းသင်းရတာဟာ
အကြောင်း ( ၂ ) ချက်ကြောင့်ပဲ တဲ့။
ကြာညို , ကြာဖြူ , ကြာနီ , ပဒုမ္မာကြာ စသည်တို့ ဖူးပွင့် ပေါ်ထွက်ရခြင်းဟာ
ရေနဲ့ ညွှန် နှစ်ပါးသော အကြောင်းကြောင့် ဖြစ်ပေါ်ရသလိုပဲ တဲ့ ။
လူနှစ်ယောက် အခု ပစ္စုပ္ပန်ဘဝ ပေါင်းသင်းရခြင်းဟာလည်း
၁။ အတိတ်ဘဝ၌ အတူတကွ နေထိုင်ခဲ့ရခြင်း ။
၂။ ယခု ပစ္စုပ္ပန် ဘဝ၌ ( မိမိ ပေါင်းသင်းရသူရဲ့ ) အကျိုးစီးပွားကို
ဆောင်ရွက်ပေးခြင်း ။
ဒီ အင်္ဂါ နှစ်ချက်ကြောင့်ပဲတဲ့ ။
-
နကုလပိတာတို့အကြောင်း ပြန်ဆက်ရအောင် ။
နကုလပိတာတို့အမေးကို မြတ်စွာဘုရားက ပြန်ဖြေတယ် ။
သင်တို့ဟာ -
ယခုဘဝ သာမက နောင်သံသရာ ဘဝ အဆက်ဆက်
ထာဝရ ပေါင်းသင်း နေထိုင်သွားလိုလျှင် -
-
၁။ တူညီသော သဒ္ဓါတရား ရှိခြင်း ။
.
၂။ တူညီသော သီလ ရှိခြင်း ။
.
၃။ တူညီသော ပေးကမ်းစွန့်ကြဲမှု ရှိခြင်း ။
.
၄။ တူညီသော ဉာဏ်ပညာ ရှိခြင်း ။
-
ဤ အင်္ဂါ ( ၄ ) ပါးနဲ့ ပြည့်စုံပါက သင်တို့အလိုရှိတဲ့အတိုင်း ဖြစ်စေရမည်
လို့ မိန့်တော်မူတယ်။ မိန့်ပြီး ကျောင်းကို ပြန်ကြွသွားတော်မူတယ်။
-
နံပါတ် ( ၄ ) တူညီသော ဉာဏ်ပညာ ရှိခြင်း ဆိုတာ -
လောကီ အတန်းပညာကို ပြောတာ မဟုတ်ဘူး ။
ဉာဏ်ပညာ တူရမယ် ဆိုတာ -
ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ခံစားရမယ် ။
မကောင်းတာ လုပ်ရင် မကောင်းတဲ့အကျိုး ခံစားရမယ် ။
အဲဒီလို
အကြောင်းအကျိုး , အကောင်းအဆိုးကို ခွဲခြားဝေဖန်နိုင်တဲ့
ဉာဏ်ပညာကို ပြောတာ ဖြစ်တယ် ။
" ရဝေနွယ် - အင်းမ "
(ဘဝတိုင်း ဆုံတွေ့ချင်ပါသလား ၊ စာ - ၁၁၈ - ၁၂၅ ) မှ
အကျဉ်းအား ကောက်နုတ်ပူဇော်ပါ၏။
.
Thanks;
#ဓမ္မနှစ်သက်သူ
No comments:
Post a Comment