........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Sep 26, 2015

ဘုန်းတော်ကြီးများနှင့် နိုင်ငံရေး"

ဘုန်းတော်ကြီးများနှင့် နိုင်ငံရေး"

တချို့ပုဂ္ဂိုလ်များက “ဘုန်းတော်ကြီးများဟာ ဘာသာရေးပဲ လုပ်သင့်ပါတယ်၊ နိုင်ငံရေး မလုပ်သင့်ပါဘူး”ဟု ဝေဖန်ကြ၏။ ထိုသို့ ဝေဖန်ခြင်းသည် နိုင်ငံရေးဟူသောစကားလုံး၏ အနက်အဓိပ္ပါယ်ကို နားမလည်သောကြောင့်တည်း။ အစွန်းရောက် ဝေဖန်ချက်ဟုပင် ပြောချင်ပါ၏။
ထိုသို့ဆိုလျှင် နိုင်ငံရေးဟူသောစကားလုံး၏ အနက်အဓိပ္ပါယ်ကား အဘယ်ပါနည်း ?

“နိုင်ငံရေး”ဟူသည် နိုင်ငံ၏ အရေးပင် ဖြစ်၏။ ထို့ကြောင့် အမျိုးသားရေး ဘာသာရေး စီးပွားရေး လူမှုရေး ကျန်းမာရေး ပညာရေး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသော နိုင်ငံ၏ အရေးကိစ္စ မှန်သမျှသည် “နိုင်ငံရေး”ပင် ဖြစ်ပေသည်။

သို့သော် လူအများစုက အုပ်ချုပ်သူလူတန်းစားများနှင့် ထိပ်တိုက် ရင်ဆိုင်ရသည့် တော်လှန်ရေး၊ အမျိုးသားရေး၊ ဒီမိုကရေစီအရေးစသော အရေးကိစ္စများကိုသာ “နိုင်ငံရေး”ဟု ယူဆ ကြပေသည်။

“နိုင်ငံရေး”ဟူသောစကားလုံးကို မည်သို့ပင် အဓိပ္ပါယ်ဖွင့်ဖွင့်၊ မည်သို့ပင် ယူဆယူဆ၊ “နိုင်ငံရေး”သည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် သက်ဆိုင်သည်သာ ဖြစ်၏။

ရှင်းဦးအံ့။ ရောဟိဏီမြစ်ရေကို အကြောင်းပြု၍ ကောလိယနှင့် သာကီဝင် နှစ်ပြည်ထောင်မင်းတို့သည် မသင့်မမြတ် ဖြစ်ပြီး စစ်တိုက်ဖို့ တာစူနေကြ၏။ ထိုအချိန်မှာ မြတ်စွာဘုရားသည် ကိုယ်တော်တိုင် ကြွရောက်ပြီး ကောလိယမင်းနှင့် သာကီဝင်မင်းတို့အား စစ်ပြေငြိမ်းဖို့အတွက် တရားဟောပေးရ၏။

ထို့ကြောင့် နှစ်နိုင်ငံလုံး ပြေလည်မှု ရရှိသွားပြီး ငြိမ်းချမ်းရေး ရရှိသွားကြပါသည်။ ဤကား သုံးလောကထွဋ်ထား မြတ်ဘုရား၏ အမျိုးသားနိုင်ငံရေး ဆောင်ရွက်ချက်ပင် မဟုတ်ပါလော။

ဘုန်းတော်ကြီးများသည် တိုင်းပြည်၏ဆွမ်းကို ဘုဉ်းပေးသုံးဆောင်နေကြရကား တိုင်းပြည်နှင့်လူမျိုး ဒုက္ခရောက်နေလျှင် လက်ပိုက်ကြည့်နေလို့ မဖြစ်ပေ။ ပြောသင့်က ပြောရမည်။ ဆုံးမသင့်က ဆုံးမရမည်။ ဘုရားသားတော်ပီပီ အမျိုးသားရေးနှင့် ပတ်သက်လာလျှင် ပါဝင်ဆောင်ရွက်ရမည်ဖြစ်၏။

ထို့ကြောင့် အင်္ဂလိပ်အုပ်စိုးသည့်ခေတ်တွင် အမျိုးသားရေးဝါဒီ ဆရာတော်ဦးဥတ္တမက ဘာသာခြား လူမျိုးခြားဖြစ်သည့် အင်္ဂလိပ်ဘုရင်ခံ ကရက်ဒေါက်ကို “ မြန်မာနိုင်ငံသည် တို့နိုင်ငံ၊ ဒါကြောင့် မင်း ဒီနိုင်ငံက ထွက်သွား“ဟု မောင်းထုတ်ခဲ့ဖူးပါသည်။

မြန်မာ့တိုင်းရင်းသားများကို အုပ်စိုးနေသည့် အင်္ဂလိပ်ကို မလိုလားသောကြောင့် ထိုကဲ့သို့ မိန့်ကြားတော်မူခြင်း ဖြစ်ပေသည်။ ဤကား အမျိုးသားရေး စကား၊ အမျိုးသားရေးတရားပင်တည်း။

ဆက်၍ ဆိုဦးအံ့။ ရှေးခေတ်က နိုင်ငံတော်၏ ပညာရေးသည် ဘုန်းတော်ကြီးများ၏ လက်ထက်မှာရှိ၏။ ဘုရင်လည်း ဘုန်းကြီးကျောင်းထွက် ဖြစ်၏။ ဝန်ကြီးလည်း ဘုန်းကြီးကျောင်းထွက် ဖြစ်၏။ စစ်သူကြီးလည်း ဘုန်းကြီးကျောင်းထွက် ဖြစ်၏။

ရှင်ဘုရင်များ၏ ဆရာများ(သို့မဟုတ်) အကြံပေး ပညာရှင်များမှာ ဘုန်းတော်ကြီးများပင် ဖြစ်သောကြောင့် ဘုန်းတော်ကြီးများက ရှင်ဘုရင်အစထား တိုင်းသူပြည်သား လူအများကို သွန်သင်ဆုံးမ လမ်းညွှန်ခဲ့ကြပါသည်။

ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ဖန်ဆင်းခဲ့သော ဘုရင်အနော်ရထာသည် အရှင်အရဟံကို ဆရာတင်၍ နိုင်ငံကို အုပ်ချုပ်ခဲ့ပါသည်။ မိစ္ဆာဒိဋ္ဌိအယူဝါဒများကို သုတ်သင်ဖယ်ရှားပြီး ထေရဝါဒဗုဒ္ဓသာသနာ အုတ်မြစ်ကိုလည်း ခိုင်ခိုင်ခံ့ခံ့ ချခဲ့ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာနှင့် မြန်မာဆိုသည်မှာ ခွဲခြားလို့ မရလောက်အောင် အမြစ်တွယ်ခဲ့ပါသည်။ ဤကား အရှင်အရဟံ၏ အမျိုးသားနိုင်ငံရေး ဆောင်ရွက်ချက်များပင် ဖြစ်ပေသည်။

မြန်မာသက္ကရာဇ် ၁၁၁၅-ခုနှစ်တွင် နန်းတက်သော အလောင်းမင်းတရားကြီးလက်ထက်၌ အတုလဆရာတော်ကြီးက “လောက ဓမ္မထုံးတမ်း” အမည်ရှိ နိုင်ငံရေးလမ်းညွန်ကျမ်းကို ရေးသားခဲ့ပါသည်။

ထိုကျမ်း၌ နိုင်ငံ့ခေါင်းဆောင်များသည် သားသမီးထက် နိုင်ငံကို ပိုချစ်သင့်ကြောင်း၊ သားရေးသမီးရေးထက် ပြည်ထဲရေးကို ဦးစားပေးသင့်ကြောင်းစသဖြင့် “နိုင်ငံရေးအယူအဆ”များကို တင်ပြခဲ့ပါသည်။ ထိုကျမ်းသည် အလောင်းမင်းတရားကြီးနှင့် တိုင်းသူပြည်သားများအတွက် “အခြေခံဥပဒေ” ကဲ့သို့ ဖြစ်ခဲ့ပါသည်။

မုံရွေးဇေတဝန်ဆရာတော်သည် မြန်မာသက္ကရာဇ် ၁၁၈၉-ခုနှစ်တွင် ရတနာပူရစတုတ္ထမြို့တည် ဘကြီးတော် စစ်ကိုင်းမင်းအတွက် “ရာဇောဝါဒ” အမည်ရှိ နိုင်ငံရေးလမ်းညွှန်ကျမ်းကိုလည်း ရေးသားခဲ့ပါသည်။

ထိုကျမ်း၌ မြန်မာ့ရာဇဝင်၊ အိန္ဒိယဂန္ထဝင်တို့မှ အကြောင်းအရာများကို ကိုးကား၍ လည်းကောင်း၊ ငါးရာ့ငါးဆယ် ဇာတ်တော်များကို ကိုးကား၍လည်းကောင်း “နိုင်ငံရေး အယူအဆ”ကို တင်ပြခဲ့ပါသည်။ ထိုကျမ်းသည် စစ်ကိုင်းမင်းနှင့် တိုင်းသူပြည်သားများအတွက် “အခြေခံဥပဒေ”ကဲ့သို့ ဖြစ်ခဲ့ပါသည်။

ဤကား ရှေးခေတ် သံဃရာဇာဆရာတော်ကြီးများ၏ အမျိုးသားနိုင်ငံရေး ဆောင်ရွက်ချက်ပင် ဖြစ်ပါ၏။ ထို့ကြောင့် ဘုန်းတော်ကြီးများသည် နိုင်ငံရေးကို ငါတို့နှင့် မသက်ဆိုင်ဟု သဘောမထားသင့်ပေ၊ စွမ်းနိုင်သမျှ လုပ်ကိုင်ဆောင်ရွက်မည် ဖြစ်ပေသည်။

ထိုနိုင်ငံရေးကား . . .

“ပါတီနိုင်ငံရေး” မဟုတ်၊ “အမျိုးသားနိုင်ငံရေး”တည်း။

“ပေါ်ပြူလာနိုင်ငံရေး” မဟုတ်၊ “ပါရမီမြောက်နိုင်ငံရေး”တည်း။

“အာဏာနိုင်ငံရေး” မဟုတ်၊ “ပညာနိုင်ငံရေး”တည်း။

“ဟန်ပြနိုင်ငံရေး” မဟုတ်၊ “စံပြနိုင်ငံရေး”တည်း။

“အတ္တနိုင်ငံရေး” မဟုတ်၊ “ကိုယ်ကျိုးစွန့် နိုင်ငံရေး”တည်း။

“ငါ့အတွက်နိုင်ငံရေး” မဟုတ်၊ “အများအတွက်နိုင်ငံရေး”တည်း။
------------------------------------------------
Credit - သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

No comments:

Post a Comment