Pages

Mar 27, 2013

ရှင်အရဟံ ဘာလူမျိုးလဲ

မကြာမီက တရားပွဲတစ်ခုတွင် ဆရာတော်တစ်ပါးက မြန်မာ့သာသနာဝင်တွင် အရေးပါသော ရှင်အရဟံဟူသည်မှာ သီဟိုဠ်တိုင်းသားဖြစ်ကြောင်း ဟောကြားသည်ကို နာခဲ့ရပါသည်။
ကျွန်တော်တို့ တွေ့ဖူးသည်မှာ ရှင်အရဟံသည် ရာမညတိုင်း မွန်လူမျိုးသာဖြစ်ကြောင်းဆိုပါသည်။ ရှင်အရဟံ သီဟိုဠ်လူမျိုးလား၊ မွန်လူမျိုးလားဆိုတာ ဘာသာရေးပြဿနာ ဆောင်းပါးရှင်ဆရာတော်အား မေးလျှောက်ပေးစေ လိုပါသည်ခင်ဗျား။
မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦး၊ ဖျာပုံမြို့။
အယ်ဒီတာထံမှ ရရှိသောစာတစ်စောင်အရ ဘာသာရေးပြဿနာ ဆောင်းပါးလွှာကဏ္ဍတွင် တင်ပြနိုင်ရန် စာပေကို ရှာဖွေကြည့်ရှုရ ရှင်အရဟံ၏ အကြောင်းအရာအား သာသနာလင်္ကာရစာတမ်းတွင် ၀ါဒအမျိုးမျိုးကို ဖော်ပြ၍ ရေးသားပြဆိုထားရာ ပရိတ္တနိဒါန်းလာ အကြောင်းအရာတွင်
သီဟိုဠ်ကျွန်းဝယ် ၀ိပ္ပ၀ါသီပြည်၌နေသော အမျိုးသားလုလင်တစ်ဥိးသည် ရဟန်းပဉ္စင်းခံ၍ ဒွါရာဝတီပြည်မှာ ပိဋကစာပေသင်လာ၏။ နောက် သထုံပြည်သို့သွား၍ ပိဋကစာပေ သင်ပြန်လေ၏။ ထိုရောအခါ သရေခေတ္တရာပြည်၌ ဟုချီ၍ ရှင်အရဟံအကြောင်း ဆက်လက်ဖော်ပြထားသဖြင့် ရှင်အရဟံ သီဟိုဠ်သားဖြစ်ရလေဟန် အဓိပ္ပါယ်ပေါ်နေလေသည်။
ထိုတွင်ပင် ၀ါဒအမျိုးမျိုး ဖော်ပြထားရာ ရာဇ၀င်လာသော ရှင်အရဟံအကြောင်းကို အခိုင်လုံဆုံး သဘောထားကြရသဖြင့် ဤတွင် ရာဇ၀င်လာ ရှင်အရဟံ ၀တ္တုအကြောင်းကို ဖော်ပြလိုက်ပါမည်။
ထိုကာလ သုနာပရန် တမ္ပဒိတ်တိုင်းမှာ သာသနာတော်စွဲစွဲမြဲမြဲ မထွန်းလင်းချေသေး။ ဘုရားဗျာဒိတ်တော်မူခဲ့သည့်အတိုင်း ထွန်းလင်းစေအံ့ဟု ရဟန္တာမြတ်တို့ ကြံပြီးလျှင် သိကြားမင်းထံသွား၍ သာသနာပြုနိုင်မည့်သူကို ညီညာတောင်းပန်ပါဟု ဆို၏။
သိကြားမင်းလည်း တာဝတိံသာတွင်ရှိသော နတ်သားတစ်ယောက်အား တောင်းပန်၍ုပုဏ္ဏေးမ၀မ်း၌ သန္ဓေနေလာစေ၍ နေ့လစေ့၍ ဖွားသည်ရှိသော် သီလဗုဒ္ဓိမည်သော မထေရ်မြတ်သည် စောင့်ကြပ်မ၍ အရွယ်ရောက်လျှင် ရဟန်းပြု၏။ ပိဋကကျမ်းဂန် တတ်မြောက်စွာလျက် ရဟန္တာအဖြစ်သို့ ရောက်လေ၏။ အရဟံဟူသော အမည်ဖြင့် ကျော်စော ထင်ရှား၏။ ထိုရှင်အရဟံသည် မြန်မာတိုင်းနိုင်ငံ၌ သာသနာသန့်ရှင်း ထွန်းလင်းစိမ့်သောငှာ ပုဂံပြည်သို့ ကြွတော်မူလာ၍ မြို့နှင့်မနီးဝေးသော တောရပ်တစ်ခု၌ နေတော်မူ၏။
သိကြားမင်းသည် မုဆိုးတစ်ယောက်အား ဖြားယောင်းလှည့်ပတ်၍ ရှင်အရဟံကို မြင်စေသော် ဤသူကား လူမဟုတ် နတ်ဘီလူးဖြစ်ရာသည်။ လူဖြစ်လျှင်လည်း လူရိုင်းဖြစ်ရာသည်။ မင်းမှာဆက်မည်ဟု မြို့သို့ခေါ်ဆောင်လေ၏။
ရှင်အရဟံလည်း ပရိက္ခရာရှစ်ပါးလွယ်ယူလျှက် လိုက်တော်မူလေ၏။ တောအုပ်တစ်ခုတွင် လူရိုင်းကို တွေ့၍ ဆောင်ခဲ့သည်ဟု မင်းအား မုဆိုးလျှောက် လျှင် မြတ်သော ဣနြေ္ဒနှင့်ပြည့်စုံသော အဖြစ်ကို နော်ရထာမင်းစောမြင်၍ ဤကား လူရိုင်းမဟုတ်၊ မြတ်သောသူတည်း၊ ဤသူကိုယ်ဝယ် မြတ်သောတရားရှိရာသည် ဟူ၍ နေရောင်နှင့်တွေ့သော ကြာမုံကဲ့သို့ ရွှင်လန်းသဖြင့် ကြံစည် ဆင်ခြင်တော်မူ၏။
မင်းကြီးလည်း ဤသူနေရာ ကြီးမြတ်လှသည်။ မြတ်သောသူ မှန်ပြီဟု ဆင်ခြင်၍ ဤသို့ မေးတော်မူ၏။
” ငါ့ရှင်ကား အဘယ်သူ၏ အမျိုးအနွယ်ဖြစ်တော်မူသနည်း။ အဘယ်အရပ်မှ ကြွလာတော်မူသနည်း၊ အဘယ်သူ၏ အဆုံးအမကို ခံယူတော်မူသနည်း” ဟု မေးတော်မူသော် ရှင်အရဟံလည်း ဤသို့ မိန့်တော်မူ၏။
ငါ၏ အမျိုးအနွယ်ကား ဂုဏ်တော်ကိုးပါး၊ ဘုန်းတော်ခြောက်ပါး၊ အစိန္တေယျလေးပါးနှင့် ပြည့်စုံတော်မူသော  သမ္မာသမ္ဗုဒ္ဓ ဘုရား အမျိုးအနွယ်တည်း”
ငါ၏ ဆရာဥပဇ္ဈာယ် အပေါင်းအဖော် သံဃာရှိသော နေရာအရပ်က လာခဲ့သတည်း။ သမ္မာသမ္ဗုဒ္ဓဘုရား ဟောကြားတော်မူသော အာဏာဒေသနာ တော်မှလာသော အဆုံးအမကို ခံသတည်း ဟု မိန့်တော်မူသော မင်းကြီးလည်း အားရနှစ်သက် ၀မ်းမြောက်ဝမ်းသာဖြစ်၍ ” သမ္မာသမ္ဗုဒ္ဓ ဟော်တော်မူသော တရားတော်ကို တစ်စိတ်တစ်ဒေသမျှ အကျွှန်ုပ်အား ဟော်တော်မူပါ” ဟု တောင်းပန်သည်တွင် သီရိဓမ္မာသောကမင်းကြီးအား နိဂြောဓသာမဏေ ဟောတော်မူသော အပ္ပမာဒတရားကို ဟောတော်မူသည်။
တရားဟောတော်မူပြီးသည့်အဆုံး၌ မင်းကြီး ဤသို့လျှောက်ပြန်၏။
သမ္မာသမ္ဗုဒ္ဓဘုရားကား ယခု အတီအရပ်မှာ ရှိတော်မူသနည်း၊ တရားတော်ကား အဘယ်မျှ အရေအတွက် ရှိတော်မူသနည်း၊ တပည့်သားတော်ကား ငါ့ရှင်မှတစ်ပါး အခြားရှိသေးသလော။ မရှိပြီလော ဟု လျှောက်သော် သမ္မာသမ္ဗုဒ္ဓဘုရား နိဗ္ဗာန်လားတော်မူကြောင်း ဓာတ်တော် မွေတော်သာ ယခုရှိကြောင်းကို လည်းကောင်း၊ တရားတော်သည် ဓမ္မက္ခန္ဓာ (၈၄၀၀၀) အရေအတွက်ရှိသောအကြောင်းကို လည်းကောင်း၊ သထုံပြည်ဝယ် ပဋက သုံးပုံ အစုံသုံးဆယ်ရှိကြောင်းကို လည်းကောင်း၊ ငါမှတစ်ပါး ပရမတ္ထသံဃာ၊ သမုတိသံဃာ များစွာရှိကြောင်းကိုလည်းကောင်း မိန့်တော်မူ၏။
ထိုစကားကို မင်းကြီးကြားတော်မူသော် အတိုင်းထက်အလွန် သဒ္ဓါခြင်းပြင်းစွာဖြစ်၍ ဤသို့ လျှောက်ပြန်၏။ ”အကျွှန်ုပ်အား ယခုမျက်မှောက် အရှင်မှတစ်ပါး အခြားကိုးကွယ်ရာ မရှိပြီ။ ယနေ့မှစ၍ အကျွှန်ုပ်၏ အသက်ကို အရှင်အား ဆောင်နှင်းတော့သည်။ အရှင့်အဆုံးအမကိုလည်း အကျွန်ုပ်ခံတော့မည်” ဟူ၍ လျှောက်ပြီးလျှင် အရညကင် ရသောအရပ်၌ သာယာလှစွာသော ကျောင်းဆောက်လုပ် လှူဒါန်းတော်မူ၏။ ပြည်သူ ပြည်သားအပေါင်းတို့ကိုလည်း အပ်တော်မူလေ၏။
ဤသို့လျှင် မင်းနှင့်တကွ ပြည်သူပြည်သားတို့သည် မူလကိုးကွယ်ရင်း အရည်းတို့ကို ပစ်ပယ်၍ ရှင်အရဟံနှင့် အရိယာသံဃာတို့အား ကိုးကွယ်ကုန်ကြသော် အရည်းတို့သည် လာဘ်ပူဇော်သက္ကာရမှ လျှောကျကုန်သည်ဖြစ်၍ ရှင်အရဟံအား ရန်းငြိုးကြီးစွာထားကြ၏။
မင်းကြီးလည်း ထိုအကြောင်းကို ဆင်ခြင်၍ စိုးရိမ်တော်မူသဖြင့် အရည်းတို့ကို နိုင်လောက်အောင် အစောင့်အနေခန့်ထား စောင့်နေစေ၏။ အရည်ကြီး သုံးကျိပ်နှင့်တကွ တပည့်လက်သား ခြောက်သောင်းတို့ကိုလည်း လူဝတ်လဲစေ၍ အဲမောင်းလှံကိုင်၊ ဆင်ချေးကျုံး၊ မြင်းချေးကျုံး ထည့်တော်မူလေ၏။
ရှင်အရဟံလည်း သာသနာကြည်ညိုသူတို့ကို ရဟန်းပဉ္စင်း ပြုတော်မူစေ၍ သာသနာတော်မြတ် သန့်ရှင်းထွန်းလင်းစေ၏။ နော်ရထာမင်းစောသည် ထိုအခါ သံဝေဂရတော်မူ၍ ဤပြည်ကို အစဉ်မင်းပြုတော်မူကုန်သော အဆက်ဆက်သော ဘေးလောင်းတော်၊ ဘိုးလောင်းတော်တို့သည် အရည်းရဟန်းတို့အယူကို ယူမှားကြကုန်သည်၊ ထိုသို့ ယူမှားကြလေသည်ကို ယူ၍  ရကောင်းပြန်ဘိမူကား တစ်ဖန်ပြန်စေချင်၏ ဟူ၍ သံဝေဂ နောင်တရရှိတော်မူလေသည်။
ရာဇ၀င်လာ ရှင်အရဟံ၏ အကြောင်းကား ဆိုခဲ့သည်အတိုင်းပင်ဖြစ်၏။
သီဟိုဠ်ကျွန်းသားဟု မဆို၊ ရှေးရှေးကျမ်းစာများမှ ဆိုလေ့ရှိသကဲ့သို့ ပုဏ္ဏေးမ၀မ်းမှာ ၀င်စား၍ဟုဆိုခြင်း၊ အမျိုးမြတ်တွင်ဖြစ်၍ ဟုဆိုခြင်းသည် ရှင်မောဂ္ဂလိပုတ္တတိဿ၊ ရှင်ဗုဒ္ဓဃောသတို့ ၀တ္တုကို လိုက်၍ ဆိုခြင်းဖြစ်ရာ၏။
သာသနာဘက်စာတမ်း ရာဇ၀င်စာတမ်းများအတိုင်းပင်
”နော့်ရထာ့ကံ၊ အရဟံ၊ ခုန်ပျံကျလှာဝဲ” ဟူသော က၀ိလက္ခဏာ သတ်ပုံအဖြေမှာလည်း ဆိုထားသဖြင့် ရှင်အရဟံသည် သီဟိုဠ်သားမဟုတ်၊ ရာမညတိုင်း သထုံပြည် အမျိုးမြတ်မှ ဆင်းသက်သူဟုသာ မှတ်သားသင့်ပါသည်။
သာသနာဘက်စာများတွင်
သုဝဏ္ဏဘုမ္မိ သထုံမြို့တွင် ဈာန်သမာပတ်ရသော  အနောမဒဿီမထေရ်သည် အရှင်သောဏ၊ အရှင်ဥတ္တရတို့ ပြုစုသော သာသနာအနွယ်အဆက်ကို သံဃာငါးရာနှင့် ကောင်းစွာ စောင့်ထိန်းလျက် နေ၏။ ထိုအရှင်၏ တပည့်ကား အရှင်အဓိသီလ၊ ထိုအရှင်၏တပည့်ကား ရှင်ပြာဏဒဿီ၊ ထိုအရှင်၏ တပည့်ကား အရှင်ကာလ၊ ထိုအရှင်၏ တပည့်ကား ရှင်အရဟံ ဟူ၍ ဖော်ပြထားလေသတည်း

No comments:

Post a Comment